နိုင်ငံအတွင်း နေရပ်စွန့်ခွာရွှေ့ပြောင်းနေရသူများတွင် ကလေးငယ်ပေါင်း တစ်သန်းကျော်အထိ ရှိနေ
မြန်မာနိုင်ငံပြည်သူ သုံးသန်းခွဲကျော်သည် နိုင်ငံအတွင်း နေရပ်စွန့်ခွာရွှေ့ပြောင်းနေရပြီး အဆိုပါသုံးသန်းခွဲအနက် တစ်သန်းကျော်သည် ကလေးသူငယ်များဖြစ်ကြောင်း UNICEF ၏ အချက်အလက်များအရ သိရှိရကြောင်း ဩစတြေးလျသံရုံး( မြန်မာ)က ယနေ့ နိုဝင်ဘာ(၂၀)ရက်နေ့တွင် အသိပေးထားသည်။
အနာဂတ်တွင် ပါဝင်လာမည့် ကလေးငယ်များ၏ အရေးပါသည့်အခန်းကဏ္ဍကို အသိမှတ်ပြုပြီး ပဋိပက္ခနှင့် ဘေးအန္တရာယ်ဖြစ်ပွားလေ့ရှိသည့် အခြေအနေများတွင် ကလေးငယ်များကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ထုတ်ဖော်လုပ်ဆောင်ရန် လိုအပ်ကြောင်းလည်း ဩစတြေးလျသံရုံး( မြန်မာ)က အသိပေးထားသည်။
ဩစတြေးလျအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားချင်းစာနာမှုလုပ်ငန်းအစီအစဉ်များမှတဆင့် မြန်မာနိုင်ငံရှိ ပဋိပက္ခဖြစ်ပွားမှုနှင့် ထိခို-က်လွယ်အသိုက်အဝန်းများရှိ ကလေးငယ်များအပါအဝင် ကလေးငယ်အားလုံး၏ အခွင့်အရေးနှင့် ကိုယ်စိတ်ကျန်းမာရေးတို့ကို ကာကွယ်ထားရှိမှု ကတိကဝတ်နှင့် ကာလရှည်ပံပိုးမှုများကိုလည်း ထပ်လောင်းအတည်ပြုကြောင်းလည်း အသိပေးချက်တွင် ဖော်ပြထားသည်။
တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့မျိုးစုံတို့၏ ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားများသည် နေရပ်စွန့်ခွာတိမ်းရှောင်နေမှုများလည်း ဆက်လက်ဖြစ်ပွားနေကာ နိုဝင်ဘာလထိ နိုင်ငံတစ်ဝန်းတွင် ပြည်တွင်းနေရပ်စွန့်ခွာသူ ဦးရေ ၃ ဒဿမ ၆ သန်းအထိ ရှိနေကြောင်း UNOCHA Myanmar ၏ အချက်အလက်များအရ သိရသည်။
အဆိုပါ မိသားစုများအတွက် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များ ပိုမိုများပြားလာကြောင်းလည်း UNOCHA Myanmar က အသိပေးထားသည်။