ယူကရိန်း ငြိမ်းချမ်းရေးအစီအစဉ် အဆိုပြုချက် ထရန့်နဲ့ ဇီလန်စကီး ဆွေးနွေးမယ်
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အမေရိကန်က ငြိမ်းချမ်းရေးအစီအစဉ်မူကြမ်း တင်ပြပြီးနောက် ဒီကိစ္စကို ဒေါ်နယ်ထရန့်နဲ့ ဆွေးနွေးမယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။
ဒီအစီအစဉ်ကို အမေရိကန် အထူးသံတမန် စတိဝှစ်အော့ဖ် နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ကီရီဒီမီထရစ်ဗ်တို့က ယူကရိန်းဘက်က မပါဝင်ဘဲ ရေးဆွဲခဲ့တာလို့ သတင်းတွေထွက်ပေါ်နေပါတယ်။
အမေရိကန်က ဒီမူကြမ်းအစီအစဉ်ဟာ သံတမန်ရေးကို ပြန်လည်အားဖြည့်ပေးနိုင်တယ်လို့ ယုံကြည်ပြီး ယူကရိန်းကလည်း စစ်ပွဲကို တရားမျှတစွာ အဆုံးသတ်စေမယ့် နည်းလမ်းနဲ့ အစီအစဉ်ရဲ့ ပြဋ္ဌာန်းချက်တွေကို သဘောတူခဲ့တယ်လို့ ယူကရိန်းသမ္မတရုံးက ပြောပါတယ်။
အဆိုပြုချက်ထဲမှာ ဘာတွေပါဝင်လဲဆိုတာကို အသေးစိတ် ထုတ်ဖော်မပြောပေမယ့် Axios၊ Financial Times နဲ့ Reuters တို့က ကိုးကားဖော်ပြတဲ့ သတင်းရင်းမြစ်တွေအဆိုအရ ယူကရိန်းအနေနဲ့ နိုင်ငံ အရှေ့ပိုင်းက ဒွန်ဘက်စ် ဒေသ နယ်မြေတွေကို စွန့်လွှတ်ဖို့၊ သူ့ရဲ့ စစ်တပ်အရွယ်အစားကို သိသိသာသာ လျှော့ချဖို့နဲ့ လက်နက်အများစုကို စွန့်လွှတ်ဖို့ အစီအစဉ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။
တကယ်လို့ ဒီအစီအစဉ်တွေ အတည်ဖြစ်တယ်ဆိုရင် ဒါဟာ ရုရှာအတွက် သိသာထင်ရှားတဲ့ အသာစီးရယူနိုင်မှုဖြစ်ပါတယ်။ ဒါပေမယ့်လည်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်းလီဗစ်ကတော့ ဒီအစီအစဉ်ဟာ ယူကရိန်းဆီကနေ အဓိကလိုက်လျောမှုတွေ တောင်းဆိုထားတယ်ဆိုတာကို ပယ်ချထားပါတယ်။ အထူးသံတမန် ဝှစ်အော့ဖ်နဲ့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုတို့ဟာ ရုရှားနဲ့ ယူကရိန်း ကတိကဝတ်ပြုရမယ့် အရာတွေကို လိုက်လျောညီထွေဖြစ်ဖို့ နှစ်နိုင်ငံစလုံးကို တန်းတည်ဆက်ဆံနေတယ်လို့ ဆိုပါတယ်။
"ဒါဟာ ရုရှားနဲ့ ယူကရိန်းနှစ်နိုင်ငံလုံးအတွက် ကောင်းမွန်တဲ့ အစီအစဉ်တခုဖြစ်ပြီး နှစ်ဖက်စလုံးအတွက် လက်ခံနိုင်ဖွယ် ရှိတယ်လို့ ယုံကြည်ပါတယ် ။ ဒါကို ပြီးမြောက်အောက် ကြိုးစားလုပ်ဆောင်နေပါတယ် “လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အချက် ၂၈ ချက် ပါဝင်တယ်လို့ သတင်းတွေထွက်နေပေမယ့် ရုရှားကတော့ ဒီကိစ္စသေးစိတ်ကို မပြောပါဘူး။ အမေရိကန်နဲ့ အဆက်အသွယ်တွေရှိနေခဲ့ပေမယ်လည်း တိုင်ပင်ဆွေးနွေးမှုလို လုပ်ငန်းစဉ်မျိုးမရှိဘူးလို့ ရုရှားသမ္မတအိမ်တော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က ပြောပါတယ်။
ကြာသပတေးနေ့က ကိယက်ဗ်မြို့မှာ ယူကရိန်းသမ္မတနဲ့ အမေရိကန်စစ်တပ်မှ ဒန်ဒရစ်စကောလ်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရန်ဒီဂျော့ခ်ျနဲ့ ဥရောပရှိ အမေရိကန်စစ်တပ်ရဲ့ ထိပ်တန်းတပ်မှူး ဗိုလ်ချုပ်ကြီး ခရစ်ဒိုနာဟူးတို့ အပါအဝင် အမေရိကန်စစ်ဘက်ဆိုင်ရာ ထိပ်တန်းပုဂ္ဂိုလ်တွေအကြား တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။