ကျောက်မျက်ရတနာပြပွဲ တတိယနေ့ ပုလဲ ၂၁၉ တွဲ ရောင်းချရ
---------------------------

နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမမှာ ကျင်းပနေတဲ့ မြန်မာ့ကျောက်မျက် ရတနာပြပွဲ တတိယနေ့ ဖြစ်တဲ့ နိုဝင်ဘာ ၁၉ ရက်က ပုလဲအတွဲပေါင်း (၂၁၉)တွဲ ရောင်းချရတယ်လို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက သိရပါတယ်။
ပြပွဲ တတိယနေ့မှာ ရောင်းချမဲ့ ပုလဲအတွဲတွေကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်တွေက ကြည့်ရှုစစ်ဆေးကာ ဈေးနှုန်းတင်သွင်းလွှာတွေကို သက်ဆိုင်ရာ တင်ဒါပုံးတွေထဲ ထည့်သွင်းခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတင်သွင်းထား တဲ့ ပုလဲအတွဲ အမှတ်(၂၄၇)ကနေ (၄၈၉)အထိ တင်သွင်းထားတဲ့ ဈေးနှုန်းတင်သွင်းလွှာတွေကို တာဝန်ရှိသူတွေက ဖွင့်ဖောက်စစ်ဆေးကာ ပုလဲအတွဲပေါင်း (၂၁၉)တွဲ ရောင်းချရကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။
ပြပွဲစတုတ္ထနေ့မှာလည်း ကျောက်မျက်အတွဲပေါင်း (၁၆၀)ကို အိတ်ဖွင့်တင်ဒါစနစ်နဲ့ ပြည်တွင်း၊ ပြည်ပ ရတနာ ကုန်သည်တွေကို ဆက်လက်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ပြပွဲကို နိုဝင်ဘာ(၁၇)ရက်ကနေ (၂၆)ရက်အထိ (၁၀)ရက်ကြာ ကျင်းပသွားမှာဖြစ်ပြီး ကျောက်စိမ်းတွဲ (၅၀၈၅)တွဲ၊ ကျောက်မျက်ရိုင်း (၁၃)တွဲနဲ့ ကျောက်မျက် လက်ဝတ်ရတနာ(၁၄၇)တွဲ စုစုပေါင်းအတွဲ(၁၆၀)နဲ့ ပုလဲ(၄၈၉)တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်တွေကို အိတ်ဖွင့် တင်ဒါစနစ်နဲ့ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပုလဲအတွဲတွေကို နိုဝင်ဘာ(၁၈)ရက်နဲ့(၁၉)ရက်၊ ကျောက်မျက်အတွဲတွေအားလုံးကို နိုဝင်ဘာ(၂၀)ရက်နဲ့ ကျောက် စိမ်းအတွဲတွေကို နိုဝင်ဘာ(၂၁)ရက်ကနေ(၂၆)ရက်အထိရောင်းချပေးသွားမှာဖြစ်ပြီး ပြပွဲမှာ မြန်မာနိုင်ငံတော်ဗဟို ဘဏ်က လက်ခံတဲ့ အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်၊ ထိုင်းဘတ်ငွေတွေနဲ့ ရောင်းချပေးတာ ဖြစ်ပါတယ်။

image