ဘာစီလိုနာပထမရာသီတုန်းက ဂိုးမသွင်းတော့ရန် ကလပ်ရဲ့ တုန်လှုပ်ဖွယ် တောင်းဆိုခြင်းခံခဲ့ရတဲ့ လီဝန်ဒေါ့စကီး
===================
ဘာစီလိုနာဟာ ကလပ်တွင် ကစားတဲ့ ပထမရာသီတုန်းက ရောဘတ်လီဝန်ဒေါ့စကီးကို ဂိုးဆက်မသွင်းတော့ရန် အံ့ဩသင့်ဖွယ်တောင်းဆိုမှု ပြုလုပ်ခဲ့ပါတယ်။
အသက် ၃၇ နှစ်ရှိ ရောဘတ်လီဝန်ဒေါ့စကီးဟာ ၂၀၂၂ ခုနှစ်တွင် ၈ နှစ်ကြာ ကစားလာခဲ့တဲ့ ဘိုင်ယန်မြူးနစ်မှ ပေါင် ၄၂.၅ သန်းဖြင့် ပြောင်းလာခဲ့သူပါ။
သူဟာ ဘာစီလိုနာသို့ ရောက်လာချိန်တုန်းက ကလပ်မှာ ဘဏ္ဍာရေး ပြဿနာတွေကြောင့် လုံးထည်ချာလည်လိုက်နေတဲ့ ကာလ ဖြစ်ပါတယ်။
ပိုလန်အသင်းခေါင်းဆောင်ဟာ ဘာစီလိုနာတွင် ကစားတဲ့ ပထမဆုံးရာသီတွင် လာလီဂါ ၃၄ ပွဲတွင် ၂၃ ဂိုးသွင်းယူပြီး လာလီဂါဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် မကြာသေးမီက ထွက်လာတဲ့ စာရေးဆရာဆီဘာစတီယန်စတာဇောစကီးရေးတဲ့ ရောဘတ်လီဝန်ဒေါ့စကီးရဲ့ ကိုယ်ရေးအတ္ထုပတ္တိစာအုပ် ‘Lewandowski: the real one’ တွင် အံ့ဩသင့်စရာကောင်းတဲ့ အချက်တစ်ခု ပါဝင်လာပါတယ်။
ဘာစီလိုနာဟာ ၂၀၂၂-၂၃ ရာသီ နောက်ဆုံး ၂ ပွဲတွင် ရောဘတ်လီဝန်ဒေါ့စကီးအား ဂိုးမသွင်းရန် တောင်းဆိုခဲ့ကြောင်း ‘Lewandowski: the real one’ စာအုပ်တွင် ဖော်ပြသွားပါတယ်။
ရောဘတ်လီဝန်ဒေါ့စကီးဟာ ဥက္ကဌဂျိုအန်လာပေါ်တာအပါအဝင် ဘုတ်အဖွဲ့ဝင်များရဲ့ အစည်းအဝေးခေါ်ခြင်းခံခဲ့ရပါတယ်။
ယင်းအစည်းအဝေးတွင် ဒေါ့မွန်တိုက်စစ်မှူးဟောင်းဟာ ရာသီအကုန်အထိ ဂိုးမသွင်းတော့ရန် တောင်းဆိုခြင်းခံခဲ့ရတာပါ။
ဘာစီလိုနာဟာ ရောဘတ်လီဝန်ဒေါ့စကီးသာ ကလပ်အတွက် ၂၅ ဂိုးသွင်းလာမယ်ဆိုရင် ဘိုင်ယန်မြူးနစ်ကို အပိုဆုကြေး ပေါင် ၂.၂ သန်း ထပ်မံပေးလာရမှာ ဖြစ်လို့ ယခုကဲ့သို့ လက်ကျန်ပွဲများတွင် ဂိုးမသွင်းတော့ရန် တောင်းဆိုခဲ့ရတာလည်း ဖြစ်ပါတယ်။
ရောဘတ်လီဝန်ဒေါ့စကီးဟာ လာလီဂါရာသီသိမ်းပွဲ ၂ ပွဲမှာ ဂိုးမသွင်းခဲ့ပါဘူး။ ဒါပေမယ့် သူဟာ ၂၃ ဂိုးဖြင့် လာလီဂါဂိုးသွင်းဘုရင်ဆုကို ရရှိခဲ့ပါတယ်။