ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့ အသေးငယ်ဆုံးနိုင်ငံ ဖြစ်လာတဲ့ ကူရာကာအို
======================
ကာရေဘီယံကျွန်းနိုင်ငံငယ်လေး ကူရာကာအိုဟာ စတိဗ်မက္ကလာရင် ကိုင်တွယ်နေတဲ့ ဂျာမေကာနှင့် သရေကျပြီးနောက် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်တဲ့ အသေးငယ်ဆုံး နိုင်ငံ ဖြစ်လာပါတယ်။
ယခင်တုန်းက ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့ အသေးငယ်ဆုံး နိုင်ငံအဖြစ် အိုက်စလန်က ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ကာ ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။ ကူရာကာအိုဟာ စတုရန်းမိုင် ၁၇၁ သာကျယ်ဝန်းပြီး လူဦးရေကလည်း ၁၅၀၀၀၀ ကျော်သာ ရှိကာ Isle of Man ထက် သေးငယ်တဲ့ နိုင်ငံဖြစ်ပါတယ်။
ဂျာမေကာဟာ ယခုပွဲအနိုင်ရမှသာ ၁၉၉၈ နောက်ပိုင်း ပထမဆုံးကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာမှာ ဖြစ်ပြီး ယခုပွဲ ဂိုးမရှိသရေကျပြီးနောက် နည်းပြစတိဗ်မက္ကလာရင်ဟာလည်း ရာထူးမှ နုတ်ထွက်သွားခဲ့ပါတယ်။
ယခုပွဲကို ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်ဖြင့် ကူရာကာအိုနည်းပြဒစ်အက်ဗိုကက် ကိုင်တွယ်နိုင်ခဲ့ခြင်း မရှိပါဘူး။ ဒတ်ချ်နည်းပြဟာ အသက် ၇၈ နှစ်ဖြင့် ကမ္ဘာ့ဖလားကိုင်တွယ်ခွင့်ရ အသက်အကြီးဆုံးနည်းပြအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူလာနိုင်တော့မှာလည်း ဖြစ်ပါတယ်။
ကူရာကာအိုဟာ ဗင်နီဇွဲလားကမ်းခြေမှ ၃၇ မိုင်အကွာတွင် တည်ရှိတဲ့ နိုင်ငံ ဖြစ်ပြီး နယ်သာလန်လက်အောက်ခံ နိုင်ငံလည်း ဖြစ်ပါတယ်။
ဒီနိုင်ငံဟာ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ဖီဖာကမ္ဘာ့အဆင့် ၁၅၀ မှာ ရပ်တည်နေခဲ့ပေမယ့်လည်း ယခုအခါ အဆင့် ၈၂ နေရာမှာ ရပ်တည်နေတဲ့အသင်း ဖြစ်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်း ၄၈ သင်းသို့အထိ တိုးမြှင့်ကျင်းပလာမှုနှင့်အတူ အသင်းငယ်လေး ကူရာကာအိုဟာ ဥဇဘက်ကစ္စတန်၊ ကိတ်ဗာဒီ၊ ဂျော်ဒန်တို့နှင့်အတူ ပထမဆုံး ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခွင့်ရလာခဲ့တာလည်း ဖြစ်ပါတယ်။
ကူရာကာအိုဟာ ဟေတီ၊ ပနားမားတို့နှင့်အတူ ကွန်ကာကပ်ဖ် ကိုယ်စားပြု တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်လာပြီး ဂျာမေကာကတော့ ပလေးအော့ဖ်ထပ်မံ ကစားရပါဦးမယ်။
ကာရေဘီယံကျွန်းနိုင်ငံ ဖြစ်တဲ့ ဟေတီဟာလည်း နီကာရာဂွါကို ၂-၀ ဂိုးဖြင့် အနိုင်ယူကာ ၁၉၇၄ ခုနှစ်နောက်ပိုင်း ပထမဆုံးကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်လာပါတယ်။