အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပြိုင်ပွဲတိုင်းအနိုင်ရရှိရေးမှာ မြန်မာအားကစားအဖွဲ့ဝင်အားလုံး၏ ပခုံးထက်တွင်ရှိနေ

ထိုင်းနိုင်ငံတွင်ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်မည့် အားကစားနည်းများအလိုက် နိုင်ပွဲရရှိရေးနှင့် ပတ်သက်၍ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ နိုဝင်ဘာ ၁၉ ရက်နံနက်ပိုင်းက ကျင်းပသည့် မြန်မာအားကစားအဖွဲ့အား အောင်နိုင်ရေးအလံအပ်နှင်းပွဲ၌ အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အရှေ့တောင်အာရှအားကစားပြိုင်ပွဲသည် အာဆီယံဒေသတွင်း၌ အမြင့်မားဆုံးအားကစားပြိုင်ပွဲဖြစ်၍ ယခုပြိုင်ပွဲမှတစ်ဆင့် အာရှနှင့်ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲများအထိ ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုးစားကြရမည်ဖြစ်ကာ အားကစားပြိုင်ပွဲသည် နိုင်ငံတစ်နိုင်ငံ၊ လူ မျိုးတစ်မျိုး၏ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယကြိုးပမ်းအားထုတ်မှုများနှင့် စည်းလုံးညီညွတ်မှုများကို တရားမျှတစွာဖော်ထုတ်ပြသနိုင်သည့် စွမ်းရည်ယှဉ်ပြိုင်မှုဖြစ်သည်ဟု ပြောသည်။
" အမိမြန်မာနိုင်ငံတော်နဲ့ မြန်မာနိုင်ငံသားအားလုံးရဲ့ဂုဏ်သိက္ခာနဲ့သက်ဆိုင်တာကြောင့် ပြိုင်ပွဲတိုင်းအနိုင်ရရှိရေးဟာ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် မြန်မာအားကစားအဖွဲ့ဝင်အားလုံးရဲ့ ပခုံးထက်မှာရှိနေပါတယ်။ ဒါ့ကြောင့် ပြိုင်ပွဲမှာအောင်နိုင်ရေးနဲ့ အမိနိုင်ငံ တော်ရဲ့ဂုဏ်ကို မြှင့်တင်ရေးဆိုတဲ့ တာဝန်ကြီးကို မြန်မာအားကစားအဖွဲ့ဝင်တွေအားလုံးက နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကိုအရင်းတည်ပြီး ဇွဲ၊ လုံ့လ၊ ဝီရိယ စိုက်ထုတ်ပြီး အစွမ်းကုန်ကြိုးပမ်းသွားကြရပါမယ်"ဟု ယာယီသမ္မတက တိုက်တွန်းပြောကြားသည်။
ထို့ပြင် ပြိုင်ပွဲကြီးမှပေါ်ထွက်လာမည့် အားကစားအောင်မြင်မှုများကို ထိုက်တန်စွာဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်၍ မြန်မာအားကစားအဖွဲ့ဝင်များအားလုံးအနေဖြင့် နိုင်ငံနှင့်လူမျိုးဂုဏ်ကို မြှင့်တင်နိုင်ရေးဆိုသော အ မျိုးသားရေးသန္နိဋ္ဌာန်ဖြင့် ရေကုန်ရေခမ်းကြိုးပမ်းယှဉ် ပြိုင်ကြရန်မှာကြားသည်။
ထို့အတူ ပြိုင်ပွဲကာလအတွင်း အသင်းအဖွဲ့စိတ်ဓာတ်၊ မိသားစုစိတ်ဓာတ်များဖြင့် အချင်းချင်းရိုင်းပင်းကူညီရန်၊ နိုင်ငံကြီးသားစိတ်ဓာတ်ဖြင့် တရားမျှတသန့်ရှင်းစွာယှဉ်ပြိုင်ပြီး အရှေ့တောင်အာရှဒေသ ညီနောင်နိုင်ငံများကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ပိုမိုမြှင့်တင်ပေးနိုင်သည့် အားကစားချစ်ကြည်ရေးသံတမန်ကောင်း တာဝန်များကိုကျေပွန်ခဲ့ကြရန်၊ အားကစားနှင့် တိုင်းပြည်ဂုဏ်ကိုမြှင့်တင်ပေးနိုင်သည့် အားကစားသူရဲကောင်းများအနေဖြင့် မြန်မာနိုင်ငံတော်၏ အောင်လံလွင့်ပျံနေစေရေးစွမ်းဆောင်ကြရန်လည်း ယာယီသမ္မတက တိုက်တွန်းပြောကြားခဲ့သည်။

image