ဝေလမင်းသမီး၏ ဘွဲ့အမည် မှားယွင်းမှုအတွက် ဘီဘီစီ တောင်းပန်ရပြန်

ဘီဘီစီ (BBC) သတင်းဌာနသည် မကြာသေးမီကကျင်းပခဲ့သော စစ်ပြေငြိမ်းရေးနေ့(Armistice Day) သတင်းများတွင် ဝေလမင်းသမီး ကက်သရင်း(Catherine, Princess of Wales) ကို “ကိတ် မစ်ဒယ်လ်တန်”(Kate Middleton) ဟု ရည်ညွှန်းပြောဆိုခဲ့မှုအတွက် တောင်းပန်ရပြန်သည်။
ဘီဘီစီ၏ သတင်းတင်ဆက်သူနှင့် သတင်းထောက် ရာဂျနီ ဗိုင်ဒီယာနာသန်(Rajini Vaidyanathan) သည် လွန်ခဲ့သည့်အပတ် အောက်မေ့ဖွယ် အခမ်းအနား သတင်းများ ဖော်ပြရာတွင် နာမည်ကျော် အသက် ၄၃ နှစ်အရွယ် ဝေလမင်းသမီးကို မကြာခဏဆိုသလို သူမ၏ အပျိုဘွဲ့အမည်ဖြင့် ထပ်ခါတလဲလဲ ရည်ညွှန်းပြောဆိုခဲ့သောကြောင့် ကြည့်ရှုသူများထံမှ တိုင်ကြားမှုများ ဖြစ်ပေါ်ခဲ့သည်။
“စစ်ပြေငြိမ်းရေးနေ့ အောက်မေ့ဖွယ် အခမ်းအနား သတင်းဖော်ပြချက်တွေအတွင်းမှာ ဝေလမင်းသမီး ကက်သရင်းကို ကိတ် မစ်ဒယ်လ်တန်လို့ မှားယွင်းရည်ညွှန်းပြောဆိုခဲ့ပါတယ်။ ဒါတွေဟာ နာရီပေါင်းများစွာကြာတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေအတွင်းက အမှားတွေဖြစ်ပြီး ဒီအတွက် ကျွန်တော်တို့ တောင်းပန်ပါတယ်” ဟု ဘီဘီစီက တောင်းပန်စာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“စစ်ပြေငြိမ်းရေးနေ့ သတင်းဖော်ပြချက်တွေ တစ်လျှောက်လုံးမှာ ကက်သရင်းရဲ့ မှန်ကန်တဲ့ ဘွဲ့အမည်ကိုပဲ ကျွန်တော်တို့ ရည်ညွှန်းခဲ့ပါတယ်” ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။
စစ်ပြေငြိမ်းရေးနေ့ကို ပထမကမ္ဘာစစ် ပြီးဆုံးခြင်းအား အောက်မေ့သည့်နေ့အဖြစ်လည်းကောင်း၊ ပဋိပက္ခများတွင် အသက်ဆုံးရှုံးခဲ့သူအားလုံးကို သတိရအောက်မေ့သည့်နေ့အဖြစ်လည်းကောင်း သတ်မှတ်ကြသည်။
ဝေလမင်းသမီးသည် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အမျိုးသား အောက်မေ့ဖွယ်သစ်တော(National Memorial Arboretum) ရှိ စစ်ပြေငြိမ်းရေးနေ့ အောက်မေ့ဖွယ် ဝတ်ပြုဆုတောင်းပွဲသို့ တော်ဝင်မိသားစုကိုယ်စား ပထမဆုံးအကြိမ် တက်ရောက်ခဲ့သည်။
ယခုတောင်းပန်မှုသည် ပြီးခဲ့သည့်အပတ်အတွင်းကအမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်အား မှတ်တမ်းရုပ်ရှင်တစ်ခုတွင် ပါဝင်ခဲ့သော တည်းဖြတ်မှုအမှားတစ်ခုအတွက် ဘီဘီစီကတောင်းပန်ခဲ့ပြီးနောက် ထပ်မံဖြစ်ပေါ်လာခြင်းဖြစ်သည်။ ယင်းတည်းဖြတ်မှုအပေါ် သမ္မတထရမ့်က တရားစွဲဆိုမည်ဟု ခြိမ်းခြောက်ထားသည်။
ဘီဘီစီဖက်ကတောင်းပန်မှုရှိသော်လည်း ဘီဘီစီကို ဒေါ်လာ ၁ ဘီလီယံမှ ၅ ဘီလီယံကြားဖြင့် တရားစွဲဆိုရန် ရည်ရွယ်ထားကြောင်း ထရမ့်ကသတင်းထောက်များအား နောက်ပိုင်းတွင် ပြောကြားခဲ့သည်။
“ကျွန်တော် လုပ်ရမယ်လို့ ထင်ပါတယ်” ဟု ထရမ့်က သတင်းထောက်များအား ပြောကြားသည်။ “သူတို့ လိမ်လည်ခဲ့တယ်ဆိုတာကိုတောင် ဝန်ခံထားကြတယ်။… သူတို့ လိမ်လည်ခဲ့တယ်၊ ကျွန်တော့်ပါးစပ်က ထွက်လာတဲ့ စကားတွေကို သူတို့ ပြောင်းလဲပစ်ခဲ့တယ်”ဟု သူကဆိုသည်။

image