နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီအစည်းအဝေး ကျင်းပ
------------------------------------
နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ တတိယအစည်းအဝေး ပထမနေ့ကို နိုဝင်ဘာ(၁၈) ရက်က ရန်ကုန်မြို့ရှိ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်မှာ ကျင်းပခဲ့ပါတယ်။
အစည်းအဝေးကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုတဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးတွေ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့တာဝန်ရှိသူတွေက တက်ရောက်ခဲ့ကြတာပါ။
အစည်းအဝေးမှာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌက ဩဝါဒကထာြ မွက်ကြားရာမှာ သံဃာ့အဖွဲ့အစည်း အသီးသီးမှာ အဖွဲ့ငယ်တစ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်ကို အခြားအဖွဲ့ငယ်တွေက အလေးဂရုပြု၍ လည်းကောင်း၊ အဖွဲ့ ဝင်တစ်ပါးရဲ့ တင်ပြချက်ကို အခြားအဖွဲ့ဝင်တွေက အလေးဂရုပြု၍လည်းကောင်း ၊ ၄၇ ပါးစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်တွေကိုမူ အဖွဲ့ခွဲအားလုံးက အထူးပင်အလေး ဂရုပြု၍လည်းကောင်း ပြေပြစ်ချောမော သဘောညီမျှ စေရန် ကာယကံမေတ္တာ၊ ဝစီကံမေတ္တာ၊ မနောကံမေတ္တာ အပြည့်အဝထားတော်ကြကာ ညီညီညွတ်ညွတ် တိုင်တိုင် ပင်ပင် ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်တော်မှုကြပါရန် လေးလေးနက်နက် တိုက်တွန်းမြွက်ကြားတော်မူခဲ့ပါတယ်။
အဲဒီနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက သာသနာရေးဆိုင်ရာတွေကို လျှောက်ထားပါတယ်။
အစည်းအဝေးမှာ နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ပထမအဖွဲ့ခွဲရဲ့ ပထမအကြိမ် တာဝန်ကျရာ ကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာ အကျဉ်းကို တာဝန်ကျအဖွဲ့ခွဲကိုယ်စား တွဲဖက်အကျိုးတော်ဆောင် ဆရာတော်က တင်သွင်းလျှောက်ထားပြီး အစီရင်ခံစာနဲ့ စပ်လျဉ်းလို့ ဝိနိစ္ဆယရေးရာ ဆောင်ရွက်ချက်တွေ၊ သာသနာရေးရာ ဆောင်ရွက်ချက်တွေ၊ ပညာရေးရာ ဆောင်ရွက်ချက်တွေအပေါ် ကဏ္ဍအလိုက် ဆရာတော်ကြီး တွေက တင်သွင်းလျှောက်ထားခဲ့ကြရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးတွေက ဝေဖန် ဆွေးနွေးဆုံးဖြတ်တော်မူခဲ့ကြပါတယ်။
အစည်းအဝေးကို ကြွရောက်တော်မူကြတဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးတွေကို ဓမ္မမိတ်ဆွေတွေက အရုဏ်ဆွမ်း၊နေ့ဆွမ်း တစ်နေ့တာဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။