8 နာရီ - ဘာသာပြန်ပါ။

ကမ္ဘာ့ဖလားလက်မှတ်ဝယ်ထားသူများ ဗီဇာကိစ္စမြန်မည်--ထရမ့်ပ်

၂၀၂၆ ကမ္ဘာဖလားလက်မှတ်ရှိသူများအတွက် အထူးအမြန်ဗီဇာများပေးမည့်အစီအစဉ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ထုတ်ဖော်ကြေညာခဲ့သော်ငြားလည်း သူ့အစိုးရအဖွဲ့ကမူ ထိုသို့ဗီဇာလုပ်ငန်းစဉ်ကို အမြန်လုပ်ပေးခြင်းသည် အမေရိကန်ပြည်ထောင်စုအတွင်းသို့ ဝင်ရောက်ခွင့်ရမည်ဟူ‌သော အာမခံချက်မဟုတ်ဟု သတိပေးခဲ့သည်။
ထရမ့်ပ်၏ နယ်စပ်တင်းကြပ်မှု အစီအမံများကြောင့် ဘောလုံးပရိသတ်များကိုပါ ထိခိုက်လာနိုင်သည့် စိုးရိမ်မှုများရှိနေသော်လည်း လာမည့်နှစ်ကမ္ဘာ့ဖလားပွဲအတွက် အဆင်မြေချောမွေ့စေရမည်ဟု အမေရိက က ကတိပြုထားသည်။
“ကမ္ဘာ့ဖလားမှာ ငါတို့နဲ့ အတူဆင်နွှဲကြဖို့ ရည်ရွယ်ထားသူတွေအနေနဲ့ ချက်ချင်းပဲ လျှောက်ထားကြဖို့ အထူးတလည်တိုက်တွန်းပါတယ်” ဟု ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဌ ဂီယန်နီ အင်ဖန်တီနိုနှင့်အတူ အိမ်ဖြူတော်တွင် အစီအစဉ်ကို ကြေညာစဉ် ထရမ့်ပ်က ပြောကြားခဲ့သည်။
ဇန်နဝါရီလတွင် ရီပတ်ဘလီကန်သမ္မတ အိမ်ဖြူတော်သို့ တကျော့ပြန်လာပြီးနောက်ပိုင်း ထရမ့်ပ်၏ဘေးတွင် အကြိမ်ကြိမ်မြင်တွေ့လာရသော အင်ဖန်တီနိုက “Fifa Pass” ဟုခေါ်သော အစီအစဉ်သည် “အလွန်အရေးကြီးသော ကြေညာချက်” ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ကမ္ဘာ့ဖလားလက်မှတ်ရှိထားရင် ဗီဇာရဖို့ ဦးစားပေးချိန်းဆိုမှု ရရှိနိုင်ပါတယ်” ဟု အင်ဖန်တီနိုက ပြောကြားခဲ့သည်။
“ကမ္ဘာ့ဖလားကို ခံစားဆင်နွှဲဖို့ ကမ္ဘာတစ်ဝန်းက လူငါးသန်းကနေ ၁၀ သန်းအထိ အမေရိကကို လာရောက်ကြမှာဖြစ်ပြီး ဒီ Fifa Pass နဲ့ လက်မှတ်ဝယ်သူတွေ၊ တရားဝင်ဘောလုံးပရိသတ်တွေ ဒါမှမဟုတ် ဘောလုံးဝါသနာရှင်တွေ ကမ္ဘာ့ဖလားကို အကောင်းဆုံးအခြေအနေနဲ့ လာရောက်ကြည့်ရှုနိုင်ဖို့ ကျွန်တော်တို့ ဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ဆိုခဲ့သည်။
သို့သော် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကမူ ပြိုင်ပွဲကို လာရောက်ရန် မျှော်လင့်ထားသူများကို သတိပေးခဲ့သည်။
“ခင်ဗျားရဲ့ လက်မှတ်က ဗီဇာမဟုတ်ပါဘူး။ ဒါက အမေရိကကို ဝင်ရောက်ခွင့်အတွက် အာမ မခံပါဘူး။ ချိန်းဆိုမှု မြန်ဆန်စွာရရှိဖို့တော့ အာမခံပါတယ်။ ခင်ဗျားတို့လည်းပဲ ပုံမှန်စစ်ဆေးမှုကို ဖြတ်သန်းရဦးမှာပါ” ဟု ရူဘီယိုက ဆိုခဲ့သည်။
ထရမ့်ပ်သည် ကမ္ဘာ့ဖလားပြိုင်ပွဲကို ၎င်း၏ ဒုတိယ သမ္မတသက်တမ်းနှင့် လာမည့်နှစ်တွင် ကျရောက်မည့် နှစ်ပေါင်း ၂၅၀ ပြည့် အမေရိကန်လွတ်လပ်ရေး နှစ်ပတ်လည် အထိမ်းအမှတ်နှစ်ခုစလုံးအတွက် အဓိကပွဲတော်တစ်ခုအဖြစ် ရည်မှန်းပြုလုပ်ထားသည်။

image