၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်နှင့် တုံ့ပြန်ရေးအစီအစဉ်အတွက် ရန်ပုံငွေ(၁၅)ရာခိုင်နှုန်းသာ ရရှိထား
၂၀၂၅ ခုနှစ်ကုန်ဆုံးရန် နှစ်လခန့်ပင် မကျန်တော့သည့်အချိန်အထိ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးအစီအစဉ် (HNRP) အတွက် ရန်ပုံငွေ ၁၅ ရာခိုင်နှုန်းမျှသာ ရရှိထားကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညိနှိုင်းရေးရုံး ( UNOCHA Myanmar) မှ သိရသည်။
အဆိုပါရန်ပုံငွေ ဆိုးရွာစွာ မလုံလောက်မှုသည် လိုအပ်နေသူ လူဦးရေသန်းပေါင်းများစွာ၏ လူမှုဘဝ ရှင်သန်ရေးအကူညီများ ပေးအပ်နိုင်ရေးအတွက် အလွန်ခက်ခဲစေကြောင်းလည်း UNOCHA Myanmar က နိုဝင်ဘာ(၁၇)ရက်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် မတ်လ၌ လှုပ်ခတ်ခဲ့သည့် ငလျင်အပါအဝင် အခက်အခဲများစွာ၏ အကျိုးဆက်များကို မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများသည် ဆင့်ကဲရင်ဆိုင်နေရဆဲဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသဖြင့် အရပ်သားများသည် နေရပ်စွန့်ခွာတိမ်းရှောင်နေမှုများလည်း ဆက်လက်ဖြစ်ပွားနေပြီး နိုဝင်ဘာလထိ နိုင်ငံတစ်ဝန်းတွင် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၃ ဒဿမ ၆ သန်း အထိ ရှိနေကြောင်း သိရသည်။
အဆိုပါ မိသားစုများအတွက် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များ ပိုမိုများပြာလာကြောင်းလည်း UNOCHA Myanmar က အသိပေးထားသည်။
ကမ္ဘာစားနပ်ရိက္ခာအစီအစဉ်(WFP)၏ နောက်ဆုံးထုတ် အစီရင်ခံစာအရလည်း မြန်မာနိုင်ငံသည် စားနပ်ရိက္ခာမလုံလောက်မှုအတွက် စိုးရိမ်ဖွယ်အမြင့်မားဆုံး နေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရဆဲဖြစ်ကြောင်း သိရသည်။