ကိုဆိုဗိုနှင့် သရေကျပေမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာတဲ့ ဆွစ်ဇာလန်
=====================
ဆွစ်ဇာလန်က ပရီစတီနာတွင် ကိုဆိုဗိုနှင့် သရေကျခဲ့ပေမယ့် ရှုံးပွဲမရှိမှတ်တမ်းဖြင့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာပါတယ်။
ဆွစ်ဇာလန်ဟာ ဒုတိယပိုင်းအစ ၄၇ မိနစ်တွင် ဒီဂျီဘရယ်ဆောရဲ့ ဖြတ်တင်ဘောကနေ ရူဘင်ဗာဂက်စ်ရဲ့ လျှောထိုးသွင်းယူတဲ့ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ၇၄ မိနစ်တွင် ဖလိုရင့်မူဆလီဂျာက လှပလှတဲ့ ဝေ့ဝိုက်ကန်ချက်ဖြင့် ကိုဆိုဗိုအတွက် ချေပဂိုးသွင်းယူခဲ့ပါတယ်။
အိမ်ရှင်ဟာ နောက်ကျအနိုင်ဂိုး ရရှိရေး တိုက်စစ်ဖွင့်ကစားခဲ့ပေမယ့်လည်း ဘာတွန်ဇာဘာဂျာနှင့် ဗီဒစ်မူရီကီတို့ရဲ့ ကန်ချက်တွေကို ဆွစ်ဇာလန်ဂိုးသမားဂရီဂေါ်ကိုဘယ် လက်စွမ်းပြကာကွယ်သွားခဲ့လို့ သရေဖြင့် ကျေနပ်ခဲ့ရပါတယ်။
ဆွစ်ဇာလန်ဟာ ယခုပွဲ အနိုင် (သို့မဟုတ်) သရေဆိုလျှင် ကမ္ဘာ့ဖလားခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်လာမှာ ဖြစ်လို့ ပွဲကို အကောင်းဆုံးထိန်းကစားပြီး သရေရလဒ်ကို ဆက်ထိန်းကစားသွားခဲ့ပါတယ်။
ကိုဆိုဗိုဟာ ဆွစ်ဇာလန်နှင့် သရေကျမှုနှင့်အတူ အုပ်စု ဒုတိယနေရာရရှိခဲ့ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရေး ပလေးအော့ဖ်မှ တဆင့် ထပ်မံ ကြိုးစားခွင့် ရရှိလာပါတယ်။