ဗင်နီဇွဲလားတွင် ခြေလျင်တပ်ဖွဲ့များ အသုံးပြုခြင်းကို မကန့်ကွက်ဟု ထရမ့်ပြောကြား

ဗင်နီဇွဲလားတွင် ခြေလျင်တပ်ဖွဲ့များ အသုံးပြုနိုင်ခြေရှိခြင်းကို မိမိပယ်ချခြင်းမရှိ ဟု အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က ပြောကြားသည်။
“ကျွန်တော် ဘာကိုမှ ပယ်ချတာ မဟုတ်ဘူး၊ ဗင်နီဇွဲလားကို ကျွန်တော်တို့ ဂရုစိုက်ရမယ်” ဟု ခြေလျင်တပ်ဖွဲ့များ အသုံးပြုခြင်းအပါအဝင် မည်သည့်အရာကိုမဆို ပယ်ချရန် ရှိမရှိ သတင်းထောက်များ၏ မေးမြန်းမှုကို သူက ပြန်လည်ဖြေကြားခဲ့သည်။
ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရိုက သူ၏နိုင်ငံသည် အမေရိကန်ပြည်ထောင်စု၏ ကျူးကျော်မှုမှ ပြီးခဲ့သည့် နှစ်ပေါင်း ၁၀၀ အတွင်း အပြင်းထန်ဆုံး ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရသည်ဟု ထပ်ခါတလဲလဲ ပြောကြားခဲ့သည်။ ထိုအတောအတွင်း အမေရိကန်က ဗင်နီဇွဲလားအစိုးရသည် မူးယစ်ဆေးဝါး မှောင်ခိုမှု တိုက်ဖျက်ရေးတွင် လုံလောက်စွာ လုပ်ဆောင်ခြင်း မရှိဟု စွပ်စွဲခဲ့သည်။ ဤအကြောင်းပြချက်ဖြင့် အမေရိကန်သည် ကာရစ်ဘီယံပင်လယ်သို့ စစ်အင်အားကြီးမားစွာ ချထားခဲ့သည်။ အမေရိကန် စစ်သင်္ဘော ၈ စီး၊ ရေငုပ်သင်္ဘော ၁ စီးနှင့် စစ်သား ၁၆,၀၀၀ ကျော်ကို ကာရစ်ဘီယံပင်လယ်သို့ ချထားပြီးဖြစ်ကြောင်း သိရသည်။
စက်တင်ဘာလမှစ၍ အမေရိကန်သည် ဗင်နီဇွဲလားမှ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုတွင် ပါဝင်သည်ဟု ယူဆရသည့် လှေအစီး ၂၀ ကို ဖျက်ဆီးပြီး လူ ၇၆ ဦးကို ဖမ်းဆီး သို့မဟုတ် သတ်ဖြတ်ခဲ့သည်။ နိုဝင်ဘာ ၁၆ ရက်တွင် ပင်တဂွန်စစ်ဌာနချုပ်၏ လေယာဉ်တင်သင်္ဘော Gerald R. Ford ဦးဆောင်သော အမေရိကန်စစ်သင်္ဘော အုပ်စုတစ်စု သည် ကာရစ်ဘီယံပင်လယ်ထဲသို့ ရောက်ရှိလာကြောင်း ကြေညာခဲ့သည်။
The New York Times သတင်းစာအဆိုအရ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်သည် ဗင်နီဇွဲလားရှိ CIA ၏ လျှို့ဝှက်စစ်ဆင်ရေးများကို ခွင့်ပြုပေးခဲ့‌ကြောင်း သိရသည်။ အမေရိကန်မီဒီယာများ၏ အဆိုအရ မဝေးတော့သည့်အနာဂတ်တွင် ဗင်နီဇွဲလားရှိ မူးယစ်ဆေးဝါးဂိုဏ်းများကို အမေရိကန်တပ်ဖွဲ့များက စတင်တိုက်ခိုက်နိုင်ဖွယ်ရှိ‌ကြောင်း သိရသည်။
ဗင်နီဇွဲလားကို တိုက်ခိုက်ရန် ဖြစ်နိုင်ခြေရှိသော စစ်ဆင်ရေးများအတွက် မွမ်းမံထားသော စီမံကိန်းများကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ထရမ့်ထံ တင်ပြခဲ့သည်။ အဆိုပါ စီမံကိန်းများကို လေ့လာပြီးနောက် ထရမ့်က ဗင်နီဇွဲလားအပေါ် မည်သို့လုပ်ဆောင်သင့်သည်ဟူသော သူ၏သဘောထားကို ယင်းစီမံကိန်းများဖြင့် ပုံဖော်ထားကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

image