တက္ကသိုလ်၊ ကောလိပ်၊ ကျောင်းသား၊ ကျောင်းသူများ ကြိုတင်မဲပေးနိုင်ကြောင်း အသံချဲ့စက်ဖြင့် လိုက်လံ အသိပေး
ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကျောင်းသား၊ ကျောင်းသူများ ကြိုတင်မဲပေးနိုင်ကြောင်း အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်နေကြောင်း ရန်ကုန်ဒေသခံများထံမှ သိရသည်။
“ ကျောင်းသွားတက်မယ့်သူတွေ မိမိတို့ ဒေသမှာမဟုတ်ဘဲ အဝေးကို ကျောင်းသွားတက်မယ့်သူတွေ ကြိုတင်မဲပေးနိုင်တယ်လို့ လိုက်အသိပေးအော်နေတာပါ”ဟု ဒလမြို့နယ်တွင် နေထိုင်သူ အမျိုးသားတစ်ဦး က ပြောသည်။
လာမည့်ရွေးကောက်ပွဲကျင်းပမည့် ဒီဇင်ဘာ (၂၈)ရက်သည် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရောက်နေမည့်အချိန်ဖြစ်ခြင်းကြောင့် ကြိုတင်မဲပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထားသည်။
မဲပေးပိုင်ခွင့်ရှိသည့် ကျောင်းသားကျောင်းသူများအနေဖြင့် မဲစာရင်းပါရှိရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ့ရုံး၌ နိုဝင်ဘာ(၁၇)ရက်မှ နိုဝင်ဘာ (၂၁)ရက်အထိ နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် ကျောင်းဝင်ခွင့်အထောက်အထားများဖြင့် ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်းလည်း ရွေးကောက်ပွဲကော်မရှင် က အသိပေးထားသည်။
လာမည်ရွေးကောက်ပွဲအပိုင်း(၁)ကို ဒီဇင်ဘာ(၂၈)ရက်နေ့၌ စတင်ကျင်းပမည်ဖြစ်ပြီး အပိုင်း(၂)ကို ဇန်နဝါရီ (၁၁)ရက်နေ့၌ ကျင်းပမည် ဖြစ်သည်။