ဘတ္တရီလျှပ်စစ်စက်ခေါင်းများ အသုံးပြုကာ နေပြည်တော် - မန္တလေး ရထားခရီးစဥ်ကို ပြောင်းလဲပြေးဆွဲမည်

ဘတ္တရီလျှပ်စစ်စက်ခေါင်းများ အသုံးပြုကာ ခေတ်မီလေအေးပေးစက်ပါ လေအိတ်တွဲဆိုင်းများဖြင့် နေပြည်တော်-မန္တလေး၊ မန္တလေး-နေပြည်တော် ရထားခရီးစဉ်များကို (နိုဝင်ဘာ ၂၂)မှ စတင်ကာ ပြေးဆွဲပေးမည်ဟု သိရသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် အများပြည်သူများ ရထားဖြင့် ခရီးသွားလာရာတွင် အဆင်ပြေချောမွေ့နိုင်စေရန် စီစဉ်နေခြင်း ဖြစ်သည်။
ယခင်က နေပြည်တော်-မန္တလေး၊ မန္တလေး-နေပြည်တော် ရထားခရီးစဉ်များသည် RBE ရထားတွဲဆိုင်းများဖြင့် ပြေးဆွဲပေးနေခြင်းဖြစ်ကာ လက်ရှိ၌ ဘက္ထရီလျှပ်စစ်စက်ခေါင်းများ အသုံးပြု၍ ပြောင်းလဲပြေးဆွဲပေးတော့မည်လည်း ဖြစ်သည်။
“ပိုကောင်းတဲ့ အလားအလာပါပဲ၊ ရန်ကုန်-နေပြည်တော်ကနေ မန္တလေးဆက်မယ်ဆို သက်တောင့်သက်သာဖြစ်တာ၊ အရင်တခေါက်က မန္တလေးသွားဖို့ကို နေပြည်တော်မှာ တွဲဆိုင်းချိန်းတော့ DEMUကနေ RBE ပြန်စီးရတော့ သိပ်အဆင်မပြေဘူး၊ အခုပြေမယ်လို့ထင်ပါတယ်” ဟု လူမှုကွန်ယက်အသုံးပြုသူတစ်ဦးက ရေးသားဖော်ပြထားသည်ကိုလည်း တွေ့ရသည်။
လက်ရှိ၌ ရန်ကုန်-နေပြည်တော်၊ နေပြည်တော်-ရန်ကုန် ရထားခရီးစဉ်များကို အထက်တန်း ၂၈၀၀၀ ကျပ်၊ ပထမတန်း ၁၉၀၀၀ ကျပ်ဖြင့် DEMU ရထားများဖြင့် ပြေးဆွဲပေးနေခြင်းလည်း ဖြစ်သည်။

image