11 ပတ် - ဘာသာပြန်ပါ။

အသင်းဟောင်းပီအက်စ်ဂျီထံမှ ပေါင်သန်း ၂၃၀ အထိ ရရှိလိုနေတဲ့ ကိုင်လီယန်ဘက်ပေး
====================

ပြင်သစ်အသင်းခေါင်းဆောင်ကိုင်လီယန်ဘက်ပေးဟာ ပဲရစ်အလုပ်သမားရုံးတွင် အသင်းဟောင်း ပီအက်စ်ဂျီထံမှ လုပ်ခကြွေးကျန်နှင့် အပိုဆုကြေးများ ရရန်ရှိသည်များအတွက် တရားစွဲဆိုထားရာတွင် စုစုပေါင်း ယူရို ၂၆၃ သန်း(ပေါင် ၂၃၁.၅ သန်း) ရရှိရန် တောင်းဆိုလာပါတယ်။
အသက် ၂၆ နှစ်ရှိ ဘက်ပေးဟာ ပီအက်စ်ဂျီထံမှ လုပ်ခကြွေးကျန်နှင့် အပိုဆုကြေး ပေါင် ၄၆.၃ သန်း ရရန် ရှိမှုအတွက် တရားစွဲဆိုထားတာ ဖြစ်ပြီး ယခုအခါ စာချုပ်ပါအချက်များကို ချိုးဖောက်မှု၊ ကလပ်ဘက်က နိုင်ထက်စီးနင်းဆက်ဆံမှုများအတွက် နစ်နာကြေးပါ တောင်းဆိုလာတာပါ။
တဖက်တွင် ပီအက်စ်ဂျီဘက်ကလည်း ၂၀၂၃ ခုနှစ်တုန်းက ဆော်ဒီကလပ် Al Hilal သို့ ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀၀ ဖြင့် ပြောင်းရန် ဘက်ပေးဘက်က ပျက်ကွက်မှုအတွက် နစ်နာကြေး တောင်းဆိုနေပါတယ်။
ဘက်ပေးဟာ ၂၀၂၄ ခုနှစ် နွေရာသီတွင် ပီအက်စ်ဂျီနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ရီးရဲလ်မက်ဒရစ်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းခဲ့သူလည်း ဖြစ်ပါတယ်။
ဘက်ပေးနှင့် ပီအက်စ်ဂျီအကြား တင်းမာမှု စတင်လာတာက ကစားသမားဘက်က ဆော်ဒီပရိုလိဂ်သို့ ပြောင်းရန် ငြင်းပယ်တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် စတင်ခဲ့တာ ဖြစ်ပါတယ်။
ဘက်ပေးဟာ ယင်းကာလတုန်းက ဆော်ဒီသို့ ပြောင်းရန် ငြင်းဆိုမှု၊ စာချုပ်သက်တမ်းတိုးရန် ငြင်းဆိုမှုကြောင့် ပထမအသင်းမှ ဖယ်ရှားခြင်းခံခဲ့ရပါတယ်။
ဘက်ပေးဟာ ပီအက်စ်ဂျီရဲ့ အာရှခရီးစဉ် လူစာရင်းတွင် ချန်လှပ်ခြင်းခံခဲ့ရတဲ့အပြင် ယင်းရာသီ ပထမဆုံးပွဲတွင်လည်း ကစားခွင့်မရခဲ့ပါဘူး။ နောက်ပိုင်းတွင် ကလပ်နှင့် ညှိနှိုင်းမှု အဆင်ပြေသွားပြီးနောက် ဘက်ပေးဟာ ပီအက်စ်ဂျီအသင်းတွင် ပြန်ကစားခွင့်ရခဲ့ပါတယ်။
ပီအက်စ်ဂျီက ကစားသမားဘက်က စာချုပ်ပါ ငွေပေးချေမှုများကို မယူရန် သဘောတူညီပေးခဲ့ကြောင်း ဆိုခဲ့ပါတယ်။
ဒါပေမယ့် ဘက်ပေးရဲ့ ကိုယ်စားလှယ်များက ယင်းကို ငြင်းဆိုထားပြီး ကစားသမားမှာ လုပ်ခနှင့် အပိုဆုကြေး ရရှိရန် စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း ဆိုလာပါတယ်။
တနင်္လာနေ့ တရားရုံးကြားနာမှုတွင် ပီအက်စ်ဂျီက ဘက်ပေးဘက်က စာချုပ်ပါအချက်အလက်များကို မျက်ကွယ်မှုများကြောင့် များစွာ နစ်နာခဲ့ရကြောင်းနှင့် ၂၀၂၂ ခုနှစ် ဇူလိုင်လမှ ၂၀၂၃ ခုနှစ် ဇွန်လအတွင်းတွင် စာချုပ်သက်တမ်းမတိုးရန် ဆုံးဖြတ်ချက်မှာ ကစားသမားဘက်က သစ္စာမရှိတဲ့ အပြုအမူ ဖြစ်ကြောင်း ဆိုထားပါတယ်။
ဒါ့အပြင် ပီအက်စ်ဂျီက ဘက်ပေးမှာ ကလပ်တွင် ကစားတဲ့ ခုနှစ်နှစ်တာကာလအတွင်းတွင် အကျိုးအမြတ်များစွာ ရရှိခဲ့ကြောင်း၊ ကစားသမားအပေါ်တွင် ဖိအား (သို့မဟုတ်) အနိုင်ကျင့်မှု လုပ်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုထားပါတယ်။
ဘက်ပေးဟာ ပီအက်စ်ဂျီတွင် ၂၀၁၄ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ကစားစဉ်အတွင်း ၃၀၈ ပွဲတွင် ၂၅၆ ဂိုးသွင်းခဲ့ကာ ဆုဖလား ၁၅ လုံး ဆွတ်ခူးခဲ့ပါတယ်။

image