11 ပတ် - ဘာသာပြန်ပါ။

ဇန်နဝါရီတွင် ပေါင် ၆၅ သန်းဖြင့် ထွက်ခွာနိုင်တဲ့ အချက်ကို စာချုပ်တွင်းမှာ ထည့်သွင်းချုပ်ဆိုထားတဲ့ ဘုန်းမောက်ရဲ့ ဆီမန်ယို
=====================

ဘုန်းမောက်တောင်ပံကစားသမားအန်တိုနီဆီမန်ယိုဟာ ဇန်နဝါရီလ ပထမဆုံးနှစ်ပတ်တွင် ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်းဖြင့် ထွက်ခွာနိုင်တဲ့ အချက်ကို စာချုပ်အတွင်းတွင် ထည့်သွင်းချုပ်ဆိုထားကြောင်း BBC ရဲ့ ဖော်ပြမှုအရ သိရပါတယ်။
ဂါနာလက်ရွေးစင်ကစားသမားဟာ နွေရာသီတုန်းက စပါးစ်၊ ယူနိုက်တက်အပါအဝင် ကလပ်အများအပြားတို့ရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရပေမယ့်လည်း ဇူလိုင်လ ၁ ရက်နေ့တုန်းက ဘုန်းမောက်နှင့် ၅ နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။
ဒါပေမယ့် ယင်းစာချုပ်သစ်အတွင်းတွင် ဇန်နဝါရီအပြောင်းအရွှေ့ ပထမဆုံးနှစ်ပတ်အတွင်းတွင် ပေါင် ၆၅ သန်းဖြင့် ကမ်းလှမ်းလာပါက ဘုန်းမောက်ဘက်က လက်ခံရမယ့်အချက်ကို ထည့်သွင်းချုပ်ဆိုထားပါတယ်။
ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ ကြာသပတေးနေ့တွင် စတင်မှာ ဖြစ်ပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့ တနင်္လာနေ့တွင် ပိတ်ပါမယ်။
ဆီမန်ယိုဟာ ယခုရာသီတွင် ဘုန်းမောက်အတွက် ၁၁ ပွဲကစားထားရာတွင် ၆ ဂိုးသွင်းယူပြီး ၃ ကြိမ် ဖန်တီးကာ ခြေစွမ်းပြနေသူလည်း ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်ဂိုး ၁၁ ဂိုးအပါအဝင် ပြိုင်ပွဲအရပ်ရပ် ၁၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။
လန်ဒန်ဖွား ဆီမန်ယိုဟာဟာ လူငယ်ကစားသမားဘဝတုန်းက အာဆင်နယ်၊ စပါးစ်နှင့် မီဝေါလ်တို့ရဲ့ ငြင်းပယ်ခြင်းခံရပြီးနောက် SGS College ရဲ့ ဘောလုံးပရိုဂမ်သို့ ပူးပေါင်းခဲ့ပါတယ်။
သူဟာ ၂၀၁၇ ခုနှစ်တွင် ဘရစ္စတိုးသို့ ပြောင်းခဲ့ပြီး ဘတ်၊ နယူးပေါ့၊ ဆန်းဒါးလန်းတို့တွင် အငှားဖြင့် သွားကစားခဲ့ပြီးနောက် ၂၀၂၀-၂၁ ခုနှစ်တွင် ဘရစ္စတိုးပထမအသင်းအတွက် စတင်ကစားခွင့်ရခဲပါတယ်။
သူဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ဘုန်းမောက်သို့ ပေါင် ၁၀ သန်းဖြင့် ပြောင်းလာပြီးနောက် ဆက်တိုက်ခြေစွမ်းပြလာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဘုန်းမောက်ကို အဆင့် ၉ နေရာတွင် ရပ်တည်နိုင်‌အောင် ကူညီနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဘုန်းမောက်ဟာ နွေရာသီမှာတော့ လိုင်လီယာဇာဘာညီ၊ မီလို့စ်ကာကတ်ဇ်၊ ဒိန်းဟွိုက်ဆင်တို့အား ပေါင်သန်း ၁၅၀ ဝန်းကျင့်ဖြင့် ရောင်းချခဲ့ရပါတယ်။
ဒါပေမယ့် ဘုန်းမောက်ဟာ အရေးပါတဲ့ ဆီမန်ယိုအား ဆက်ထိန်းကာ အသင်းရဲ့ အခြေအနေကို မယိမ်းယိုင်အောင် တည်ဆောက်ထားနိုင်ခဲ့ပါတယ်။

image