နေပြည်တော်တွင်တွေ့ရှိသည့် ရှေးဟောင်းလှေကြီးနှစ်စင်းအား တူးဖော်ပြီးစီး
-------------------------------

နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပတ္တာကျေးရွာ၊ ရုံးပင်ချောင်းအတွင်းမှာ တွေ့ရတဲ့ ရှေးဟောင်းလှေကြီးနှစ်စင်းကို တူးဖော်ရရှိခဲ့ပြီဖြစ်တယ်လို့ ပတ္တာကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးမြင့်ရဲ့ ပြောကြားချက်အရ သိရပါတယ်။
အဲဒီရှေးဟောင်းလှေကြီးနှစ်စင်းကို ပတ္တာကျေးရွာမှာနေထိုင်တဲ့ ဒေါ်တင်မင်းက ပြီးခဲ့တဲ့ နိုဝင်ဘာ၁၁ရက်ကတည်းက စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ကျေးရွာတာဝန်ရှိသူတွေကို အသိပေးခဲ့ကာ နိုဝင်ဘာ၁၅ရက်မှာတစ်စင်း၊ နိုဝင်ဘာ၁၆ရက်မှာ တစ်စင်း တူးဖော်ရရှိခဲ့တာလို့ ဆိုပါတယ်။
လှေကြီးနှစ်စင်းကို စတင်တွေ့ရှိခဲ့ပုံကတော့ လှည်းနဲ့ထင်းတိုက်ရင်းကနေ ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ ဒေါ်တင်မင်းက ပြောပါတယ်။
ရှေးဟောင်းလှေကြီးတွေဟာ အရှည်ပေ ၅၀ကျော်ရှိပြီး တစ်စင်းက လုံးပတ်၈ပေ ၉လက်မနဲ့ နောက်တစ်စင်းက လုံးပတ်၉ပေကျော်ရှိတယ်လို့ သိရပါတယ်။
အခုရှာဖွေတွေ့ရှိခဲ့တဲ့ လှေကြီးနှစ်စင်းကို ပတ္တာကျေးရွာက သစ္စာမောင်ဘုရားဝင်းထဲကိုသယ်ဆောင်
ပြီး ထိန်းသိမ်းထားမှာဖြစ်တယ်လို့ ပတ္တာကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က ပြောပါတယ်။
အဲဒီလှေကြီးနှစ်စင်းရဲ့ သမိုင်းကိုတော့ လေ့လာနေဆဲဖြစ်တယ်လို့လည်း ဦးစိုးမြင့်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

image