15 နာရီ - ဘာသာပြန်ပါ။

မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
-------------------------------------------

အကြိမ်(၆၀)မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းက နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်၊၊
မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာ ၁၇ ရက်ကနေ ၂၆ ရက်အထိ (၁၀) ရက်တိုင်တိုင် ကျင်းပ
ပြုလုပ်သွားမှာဖြစ်ပါတယ်၊၊
ပြပွဲ ဖွင့်ပွဲအခမ်းအနားကို​တော့ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ ကော်မရှင်အဖွဲ့ဝင်တွေ၊ သက်ဆိုင်ရာတာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်၊၊
ဒါ့အပြင် မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတွေ၊ ဖိတ်ကြားထားသူတွေ၊ ပြည်တွင်း၊ ပြည်ပမှ ကျောက်မျက်လုပ်ငန်းရှင်တွေလည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ပြပွဲဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေက ပုဂ္ဂလိက ကျောက်မျက်ရတနာ အချောထည် အရောင်းပြခန်းတွေ ဖွင့်လှစ်ရောင်းချနေမှုကို လိုက်လံကြည့်ရှု အားပေးပြီး၊ ခန်းမအပြင်ဘက်မှာ ခင်းကျင်းပြသထားတဲ့ ကျောက်စိမ်းရိုင်းအတွဲတွေကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
အကြိမ်(၆၀)မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲမှာ ကျောက်စိမ်းရိုင်းအတွဲ ၅၀၆၄ တွဲ၊ ကျောက်စိမ်း အချောထည်အတွဲ ၂၁ တွဲ၊ ကျောက်မျက်ရိုင်းအတွဲ ၁၃ တွဲ၊ ကျောက်မျက်လက်ဝတ်ရတနာအတွဲ ၁၄၇ တွဲ၊ ပုလဲအတွဲ ၄၈၉ တွဲတို့ကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်တွေကို အိတ်ဖွင့်ဈေးပြိုင်တင်ဒါစနစ်နဲ့ ရောင်းချသွားမှာဖြစ်ပြီး အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေနဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လက်ခံတဲ့ နိုင်ငံခြားငွေတွေနဲ့ ရောင်းချ ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်၊၊

image