အမေရိကန်လုပ် F-35 ကိုယ်ပျောက်တိုက်လေယာဉ်တွေ ဆော်ဒီကို ရောင်းမယ်

အမေရိကန်ပြည်ထောင်စုဟာ ဆော်ဒီအာရေဗျကို F-35 ကိုယ်ပျောက်တိုက်လေယာဉ်တွေ ရောင်းချပေးသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဆော်ဒီအာရေဗျဟာ မဟာမိတ်နိုင်ငံကောင်းဖြစ်ပြီူ တိုက်လေယာဉ်များ ရောင်းချပေးမယ်လို့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန် အိမ်ဖြူတော် မလာရောက်မီ တရက်အလိုမှာ ထရန့်ကဆိုပါတယ်။
F-35 တိုက်လေယာဉ်တွေကို ဥရောပနေတိုးမဟာမိတ်နိုင်ငံတွေ၊ အစ္စရေးအပါအဝင် အနီးကပ်ဆုံး မဟာမိတ်များကိုသာ အမေရိကန်ပြည်ထောင်စုက ရောင်းချထားပါတယ်။ ဆော်ဒီအာရေဗျဟာ အရှေ့အလယ်ပိုင်းမှာ အစ္စရေးသာပိုင်ဆိုင်တဲ့ F-35 တိုက်လေယာဉ်တွေ ဝယ်ယူဖို့ အချိန်ကြာမြင့်စွာကတည်းက ကြိုးပမ်းနေခဲ့ပါတယ်။
အစ္စရေးတာဝန်ရှိသူတွေကတော့ ဆော်ဒီအာရေဗျကို F-35 တိုက်လေယာဉ်တွေ အမေရိကန်ပြည်ထောင်စုက ရောင်းချမှာနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုလာပါတယ်။
ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်ရဲ့ အိမ်ဖြူတော်ခရီးစဉ်အတွင်း အရပ်ဘက်နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု မူဘောင်တခုအတွက် သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးမယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒါပေမာ့် သဘောတူညီချက်ဟာ လက်နက်ပြန့်ပွားမှုကို တားဆီးရေးအတွက် တင်းကြပ်တဲ့ စည်းမျဉ်းတွေနဲ့ ကိုက်ညီရမှာဖြစ်ပြီး ကွန်ဂရက်က သဘောတူညီချက်အပြည့်အစုံကို စစ်ဆေးရမှာဖြစ်ပါတယ်။
ဆော်ဒီအာရေဗျကတော့ နျူကလီးယားလက်နက်တွေ ထုတ်လုပ်မှာမဟုတ်ကြောင်း ထုတ်ဖော်ပြောကြားထားပေမယ့် နျူကလီးယားအင်အားကြီးနိုင်ငံဖြစ်တဲ့ ပါကစ္စတန်နဲ့ ကာကွယ်ရေးမိတ်ဖက်အဖြစ် မကြာသေးမီက လက်မှတ်ရေးထိုးခဲ့ပါတယ်။

image