ဖိလစ်ပိုင်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လူသိန်းချီဆန္ဒပြ
ဖိလစ်ပိုင်နိုင်ငံမှာ ရေကြီးရေလျှံမှု လျှော့ချရေး စီမံကိန်းတွေမှာ အဂတိလိုက်စားမှုစွပ်စွဲချက်တွေကို တာဝန်ယူ တာဝန်ခံဖို့ တောင်းဆိုမှု ဒုတိယနေ့အဖြစ် လူ နှစ်သိန်းကျော်ဟာ ဆန္ဒပြခဲ့ကြပါတယ်။
တနင်္ဂနွေနေ့က စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း လူခြောက်သိန်းကျော် တက်ရောက်ခဲ့ကြပြီး အင်္ဂါနေ့မနက်အထိ ဆန္ဒပြသူတွေဟာ ယာယီတဲတွေမှာ ရှိနေကြဆဲဖြစ်ပါတယ်။ ဒီဆန္ဒပြပွဲကို အဖွဲ့ဝင် နှစ် သန်းရှိတဲ့ Iglesia Ni Cristo ဘုရားကျောင်းမှ စီစဉ်တာဖြစ်ပါယ်။
"မကောင်းမှု လုပ်ရပ်များကို ဖော်ထုတ်ပါ"၊ "ပွင့်လင်းမြင်သာမှုနှင့် ဒီမိုကရေစီအတွက် ဆန္ဒပြပွဲ" ဆိုတဲ့ ဆိုင်းဘုတ်တွေကို ဆန္ဒပြသူတွေက ကိုင်ဆောင်ဆန္ဒပြခဲ့ကြပါတယ်။ နှစ်ရက်တာ ဆန္ဒပြပွဲတွေဟာ အများအားဖြင့် ငြိမ်းချမ်းစွာပြုလုပ်ခဲ့ပေမယ့် အဓိကအခြေခံအဆောက်အအုံ စီမံကိန်းတွေမှာ မသမာမှုတွေကို အရေးယူမှုနဲ့ပတ်သက်ပြီး ထိရောက်မှုမရှိဘူးလို့ ဆန္ဒပြသူတွေက ဝေဖန်ပါတယ်။
"ဒီပုံမှန်မဟုတ်တဲ့ကိစ္စမှာ ပါဝင်ပတ်သက်သူတွေကို ဖုံးကွယ်မထားဘဲ အစိုးရအနေနဲ့ စစ်မှန်ပြီး ရိုးသားတဲ့ စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဆောင်ဖို့ ကျွန်တော်တို့ တောင်းဆိုနေပါတယ်" ဟု ဆန္ဒပြသူတယောက်က ပြောပါတယ်။
ချို့ယွင်းချက်ရှိတဲ့ စီမံကိန်းတွေအတွက် တာဝန်ရှိသူတွေကို ခရစ္စမတ်မတိုင်ခင် ထောင်ဒဏ်ချမှတ်မယ်လို့ သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက ကတိပြုခဲ့ပါတယ်။ ရေကြီးရေလျှံမှု ထိန်းချုပ်ရေး စီမံကိန်းတွေရဲ့ စာရင်းတခုမှာ တွေ့ရှိခဲ့တဲ့ မသမာမှုတွေကို သြဂုတ်လက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက်ပိုင်း အရှုပ်တော်ပုံဟာ ပိုမိုကျယ်ပြန့်လာခဲ့ပါတယ်။
စံနှုန်းမမီတဲ့ ဒါမှမဟုတ် တချို့ကိစ္စတွေမှာ ရေကြီးရေလျှံမှု ထိန်းချုပ်ရေး ကြိုးပမ်းမှုတွေကနေတစ်ဆင့် ချမ်းသာကြွယ်ဝလာတယ်လို့ စွပ်စွဲခံထားရတဲ့ အများပြည်သူ့လုပ်ငန်း အရာရှိတွေ၊ အဓိက ဆောက်လုပ်ရေးကုမ္ပဏီတွေရဲ့ အမှုဆောင်အရာရှိတွေနဲ့ ဥပဒေပြုအမတ်တွေကို မသမာမှုပြုတယ်လို့ စွပ်စွဲထားပါတယ်။
သမ္မတဟာ ရေကြီးရေလျှံမှု ထိန်းချုပ်ရေးကို အဓိကထားတဲ့ စီမံကိန်းတွေမှာ စွပ်စွဲခံရတဲ့ အဂတိလိုက်စားမှုကို စုံစမ်းစစ်ဆေးဖို့ ကော်မတီတရပ် ဖွဲ့စည်းခဲ့ပါတယ်။
"လုပ်ငန်းစဉ်စတင်ကတည်းက ရက်ပေါင်း ၁၀၀ နီးပါး ကုန်ဆုံးသွားပေမယ့် ဘယ်သူမှ ထောင်ချခံရတာ မရှိပါဘူး" လို့ ဆန္ဒပြအမျိုးသမီးတယောက်က ဆိုပါတယ်။ "သက်သေအထောက်အထားတွေ အများကြီးရှိပါတယ်။" လို့လည်း သူက ထောက်ပြပြောဆိုခဲ့ပါတယ်။