ဘင်္ဂလား‌ဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို တရားရုံးက သေဒဏ်ချ

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကြောင့် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခံရပြီး သေဒဏ်ချမှတ်လိုက်ပါတယ်။
ပြစ်ဒဏ်ကို ဖမ်းဆီးခံရတဲ့နေ့ကစပြီး အကျိုးသက်ရောက်မယ်လို့ ဘင်္ဂလား‌ဒေ့ရှ် ရှေ့နေချုပ်က ပြောပါတယ်။ သူမကို တရားရုံးက မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။ သေဒဏ်စီရင်ချက် ချမှတ်တာဟာ ဘင်္ဂလား‌ဒေ့ရှ် ကြားဖြတ်အစိုးရက သူမရဲ့ အဝါမီလိဂ်ပါတီကို နိုင်ငံရေးအင်အားစုတခုအဖြစ်မှ ပယ်ဖျက်ဖို့ နည်းလမ်းဖြစ်တယ်လို့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာက ပြောပါတယ်။
လူပေါင်း ၁၄၀၀ အထိ သေဆုံးခဲ့ပြီး အများစုမှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ပြီးခဲ့တဲ့ နှစ်က ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နင်းဖို့ ရှိတ်ဟာစီနာက အမိန့်ပေးခဲ့တယ်လို့ ဆိုပါတယ်။
တရားရုံး၏ ဆုံးဖြတ်ချက်ကို ဟာစီနာကတော့ ဘက်လိုက်မှုနဲ့ နိုင်ငံရေးအရ ခြေထိုးတွေရှိတယ်လို့ စီရင်ချက်ချပြီးနောက် ပြောပါတယ်။ သူမဟာ ရာထူးကနေ ဖြုတ်ချခံရပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံမှာ ပြည်ပြေးဘဝနေထိုင်နေပါတယ်။
သက်သေအထောက်အထားတွေကို တရားမျှတစွာ ချိန်ဆစစ်ဆေးနိုင်တဲ့ သင့်လျော်နဲ့ တရားရုံးမှာ မိမိအပေါ် စွပ်စွဲသူတွေနဲ့ တရားရင်ဆိုင်ဖို့ ကြောက်ရွံ့မှာမဟုတ်ကြောင်းနဲ့ သည်ဟိဂ်ရှိ နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ ဒီစွပ်စွဲချက်တွေကို တင်သွင်းဖို့ ကြားဖြတ်အစိုးရကို စိန်ခေါ်တယ်လို့ ရှိတ်ဟာစီနာက ပြောပါတယ်။
တရားရုံးရဲ့ လက်ရှိ ဆုံးဖြတ်ချက်ဟာ ဟာစီနာကို လွှဲပြောင်းပေးဖို့ အိန္ဒိယအပေါ် ဖိအားပေးခံရဖွယ်ရှိပေမယ့် ပြန်လည်လွှဲပြောင်းရေးကတော့ ဖြစ်လာဖွယ်မရှိပေ။ တရားရုံးက စီရင်ချက်ချက်မယ့် ဒီကနေ့မှာတော့ တုံ့ပြန်မှုတွေ ရှိလာမှာကို စိုးရိမ်ပူပန်မှုတွေကြောင့် လုံခြုံရေး တိုးမြှင့်ထားပြီး ယနေ့နံက်မှာတော့ ဆန္ဒပြပွဲတချို့ ဖြစ်ပွားခဲ့ပါသေးတယ်။

image