အာဖရိကအကောင်းဆုံးကစားသမားဆုအတွက် နောက်ဆုံးဆန်ခါတင်(၃)ဦးစာရင်း ထုတ်ပြန်

အာဖရိကဘောလုံးအဖွဲ့ချုပ်(CAF)ဟာ ၂၀၂၅ ခုနှစ် အာဖရိကအကောင်းဆုံးကစားသမားဆုအတွက် နောက်ဆုံးဆန်ခါတင်(၃)ဦးစာရင်းကို မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အောက်တိုဘာလတုန်းက ဆန်ခါတင်ကစားသမား(၁၀)ဦးစာရင်း ထုတ်ပြန်ခဲ့ပြီးတဲ့နောက် အခု (၃)ဦးစာရင်းကို ထပ်မံထုတ်ပြန်လိုက်တာဖြစ်ပြီး ဆာလာ(အီဂျစ်၊ လီဗာပူးလ်)၊ ဟာကီမီ(မော်ရိုကို၊ PSG )၊ အိုဆင်မန်(နိုင်ဂျီးရီးယား၊ ဂါလာတာစာရေး)တို့ ပါဝင်ခဲ့ပါတယ်။
အာဖရိကဘောလုံးအဖွဲ့ချုပ်ဟာ CAF Awards ဆုပေးပွဲမှာ အကောင်းဆုံးနည်းပြဆု၊ အကောင်းဆုံးလူငယ်ကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံးလက်ရွေးစင်အသင်းဆု၊ အကောင်းဆုံးကလပ်အသင်းဆု၊ အကောင်းဆုံးပြည်တွင်းကစားသမားဆုတွေကိုလည်း ချီးမြှင့်သွားမှာဖြစ်ပြီး အမျိုးသမီးတွေအတွက်လည်း ပါဝင်ပါတယ်။
အဲဒီဆုတွေအားလုံးအတွက် နောက်ဆုံးဆန်ခါတင်စာရင်းတွေ ထုတ်ပြန်ခဲ့တာဖြစ်ပြီး အကောင်းဆုံးအမျိုးသားနည်းပြဆုအတွက် ဆန်ခါတင်(၃)ဦးစာရင်းမှာ ကိတ်ဗာဒီနည်းပြ ဘူဘစ္စတာ၊ မော်ရိုကိုနည်းပြ ရီဂရာဂွီ၊ မော်ရိုကိုယူ-၂၀ နည်းပြ မိုဟာမက်အူယာဘီတို့ ပါဝင်ခဲ့ကြောင်း သိရပါတယ်။
ဒီဆုတွေအတွက် ၂၀၂၅ ဇန်နနဝါရီ(၆)ရက်ကနေ ၂၀၂၅ အောက်တိုဘာ(၁၅)ရက်အတွင်းက စွမ်းရည်ရည်အပေါ် အကဲဖြတ်ရွေးချယ်မှာဖြစ်ပြီး ဆုချီးမြှင့်ပွဲကို နိုဝင်ဘာ(၁၉)မှာ ပြုလုပ်မယ်လို့ သိရပါတယ်။

image