ထိုင်းဖိုက်လိဂ်မွေထိုင်းပြိုင်ပွဲမှာ တရုတ်ဖိုက်တာကို စောအေးစီး အနိုင်ရခဲ့
ယခုတစ်ပတ်ကျင်းပတဲ့ ထိုင်းဖိုက်လိဂ်-၉၀ မွေထိုင်းပြိုင်ပွဲမှာ မြန်မာ့ရိုးရာလက်ဝှေ့သမား စောအေးစီးဟာ တရုတ်ဖိုက်တာ မရှင်းဟု (Ma Xinhu) ကို အမှတ်နဲ့ အနိုင်ရခဲ့ပါတယ်။
ထိုင်းဖိုက်လိဂ်-၉၀ မွေထိုင်းပြိုင်ပွဲကို ပြီးခဲ့တဲ့နိုဝင်ဘာ ၁၆ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ World Siam Stadium မှာ ကျင်းပပြုလုပ်ခဲ့ပြီး တွဲဆိုင်း ခုနှစ်ဆိုင်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။
ပြိုင်ပွဲမှာ မြန်မာဖိုက်တာ စောအေးစီးနဲ့ တရုတ်ဖိုက် တာ မရှင်းဟုတို့ဟာ မွေထိုင်း (၆၀) ကီလိုတန်း ပွဲစဉ် (၃) မှာ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပါတယ်။
ပထမအချီစကတည်းက ဖိုက်တာနှစ်ဦးစလုံးဟာ တိုက်စစ်ဖွင့်ပြီး ဆိုင်ထိုး ပြိုင်ထိုးခဲ့လို့ အကြိတ်အနယ်ရှိခဲ့ပါတယ်။
ဖိုက်တာနှစ်ဦးစလုံး လက်သီးကိုသာ အဓိကအားပြုခဲ့ပြီး ရင်ဆိုင်ထိုးခဲ့လို့ အထိနာခဲ့ကြပါတယ်။
ဒုတိယအချီမှာ မြန်မာဖိုက်တာ စောအေးစီးက ပိုဖိထိုးလာခဲ့ပြီး လက်ရည်အသာရခဲ့ပါတယ်။
စောအေးစီးဟာ ဒုတိယအချီကစပြီး အတင်းဝင် အတင်းထွက်ထိုးခဲ့သလို လူချင်းအပူးမှာ ဘယ်တံတောင်ရိုက်ချက်၊ ညာခြေကန်ချက်တွေကို အသုံးပြုခဲ့ပါတယ်။
စောအေးစီးရဲ့ ထိုးချက်၊ တံတောင်ရိုက်ချက်တွေ
ကြောင့် တရုတ်ဖိုက်တာ နှာခေါင်းကွဲကာ သွေးများကျလာခဲ့ပါတယ်။
တတိယအချီမှာ တရုတ်ဖိုက်တာက အတင်းဖိအားပေးထိုးလာတာကြောင့် မြန်မာဖိုက်တာ စောအေး စီးက ပါးနပ်စွာနဲ့ Counter စောင့်ထိုးခဲ့ပြီး ထောက်လက်သီးများကို အားပြုသုံးခဲ့ပါတယ်။
တတိယအချီမှာလည်း စောအေးစီးရဲ့ ထောက်လက်သီးများကြောင့် တရုတ်ဖိုက်တာ အထိနာခဲ့ရပါတယ်။
ဒါကြောင့် ပွဲအပြီးမှာ မြန်မာဖိုက်တာ စောအေးစီးက အမှတ်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။