ကာလရှည်ကြာ စောင့်ဆိုင်းလာတဲ့ နည်းပြရာထူးအား ရယူလာပြီ ဖြစ်တဲ့ ဇီဒန်း
====================
ဇီဒန်းဟာ နည်းပြလောကသို့ ပြန်လည်ဝင်ရောက်လာဖို့ သေချာနေပြီလည်း ဖြစ်ပါတယ်။
အသက် ၅၃ နှစ်ရှိ ဂန္ထဝင်ကွင်းလယ်ဖန်တီးရှင်ဟာ ၂၀၂၀-၂၁ ရာသီအကုန်တွင် ရီးရဲလ်မက်ဒရစ်နည်းပြရာထူးမှ ထွက်ခွာပြီးနောက် အသင်းလက်မဲ့ ဖြစ်နေခဲ့သူလည်း ဖြစ်ပါတယ်။
ယနေ့တွင် Diario AS ရဲ့ ဖော်ပြလာမှုအရ ဇီဒန်းဟာ အသင်းသစ်တစ်သင်း ကိုင်တွယ်ရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုသာ စောင့်ဆိုင်းလာရတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
AS ရဲ့ဖော်ပြမှုအရ ဇီဒန်းဟာ ပြင်သစ်အသင်းကို ကိုင်တွယ်လာတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
လက်ရှိ ပြင်သစ်နည်းပြဒီဒီယာဒက်ချမ့်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားအပြီးတွင် ရာထူးမှ ထွက်ခွာမယ်လို့ ကြေညာထားပါတယ်။
ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်မှ ထွက်ခွာလာပြီးနောက် ပြင်သစ်အသင်းအား ကိုင်တွယ်လိုမှုနှင့်အတူ ကလပ်အသင်းများစွာတို့ရဲ့ ကမ်းလှမ်းမှုကို ပယ်ချလာသူလည်း ဖြစ်ပါတယ်။
ဒက်ချမ့်ဟာ ၂၀၁၃ ခုနှစ်တွင် ပြင်သစ်အသင်းကို စတင်ကိုင်တွယ်ခဲ့တာ ဖြစ်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားဆွတ်ခူးနိုင်အောင် စွမ်းဆောင်ခဲ့သလို ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့လည်း ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
ဇီဒန်းဟာ ကစားသမားဘဝတုန်းက ပြင်သစ်အတွက် ပွဲတစ်ရာကျော်ကစားပေးခဲ့သလို ၁၉၉၈ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ရီးရဲလ်မက်ဒရစ်နည်းပြအဖြစ် ၂၀၁၆-၁၇ နှင့် ၂၀၁၉-၂၀ လာလီဂါဖလားတို့ ဆွတ်ခူးထားပါတယ်။ သူ့အတွက် အကြီးကျယ်ဆုံးအောင်မြင်မှုကတော့ ရီးရဲလ်မက်ဒရစ်ကို ချန်ပီယံလိဂ်ဖလား ၃ ကြိမ်ဆက်ဆွတ်ခူးနိုင်အောင် ဦးဆောင်ကာ သမိုင်းတွင် တစ်ဦးတည်းသော စွမ်းဆောင်နိုင်တဲ့ နည်းပြအဖြစ် မှတ်တမ်းရေးထိုးထားတာ ဖြစ်ပါတယ်။