ယူနိုက်တက်နည်းပြရာထူးအတွက် ဆာဂျမ်ရက်ကလစ်ဖ်ထံ အင်တာဗျူးခဲ့ဖူးတဲ့ သောမတ်စ်ဖရန့်
===================
သောမတ်စ်ဖရန့်ဟာ ၂၀၂၄ ခုနှစ် အက်ဖ်အေဖလားဗိုလ်လုပွဲမတိုင်မီ ယူနိုက်တက်နည်းပြရာထူးအတွက် ဆာဂျမ်ရက်ကလစ်ဖ်ရဲ့ အင်တာဗျူးမှု ခံယူခဲ့ဖူးပါတယ်။
ထိုစဉ်တုန်းက အဲရစ်တန်ဟက်ဟာ ဝင်ဘာလေကွင်းတွင် ကစားရမယ့် မန်စီးတီးနှင့် အက်ဖ်အေဖလားပွဲအတွက် ပြင်ဆင်နေတာ ဖြစ်ပြီး ယင်းပွဲက နည်းပြရာထူးအတွက် အဆုံးအဖြတ်ပေးမယ့်ပွဲလည်း ဖြစ်ပါတယ်။
ယင်းပွဲမတိုင်မီ ဆာဂျမ်ရက်ကလစ်ဖ်ဟာ လန်ဒန်နေအိမ်က ကားဂိုဒေါင်တွင် နည်းပြရာထူးအတွက် သောမတ်စ်ဖရန့်ကို အင်တာဗျူးလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ၂၀၂၃-၂၄ ရာသီအတွင်း နည်းပြအမြောက်အမြားတို့ကို ဆက်သွယ်ခဲ့တာ ဖြစ်ပြီး ရာသီအကုန်တွင် အဲရစ်တန်ဟက်နှင့် လမ်းခွဲမယ်လို့ ယူဆခဲ့ရပါတယ်။
ယူနိုက်တက်က ဆက်သွယ်မှု ပြုလုပ်တဲ့ နည်းပြတွေထဲမှာ သောမတ်စ်တူချယ်၊ ရောဘတ်တိုဒီဇာဘီ၊ ကီရန်မက်ကန်နာတို့လည်း ပါဝင်ပါတယ်။
ယူနိုက်တက်ဟာ ၁၉၉၀ နောက်ပိုင်း အဆိုးဆုံးလိဂ်ရပ်တည်မှုအဖြစ် အဆင့် ၈ မှာ ရပ်တည်ခဲ့သလို ချန်ပီယံလိဂ်အုပ်စုအဆင့်မှလည်း ထွက်ခဲ့ရပါတယ်။
ဒါပေမယ့် ယူနိုက်တက်ဟာ အက်ဖ်အေဖလားဗိုလ်လုပွဲမှာတော့ မန်စီးတီးကို ၂-၁ ဖြင့် အနိုင်ယူကာ ချန်ပီယံဖြစ်ခဲ့ပြီး အဲရစ်တန်ဟက်မှာလည်း နည်းပြရာထူးမြဲခဲ့ပါတယ်။
ယခုနွေရာသီတွင် ဘရန့်ဖို့ဒ်မှ ထွက်ခွာကာ စပါးစ်အသင်းကို ကိုင်တွယ်လာတဲ့ သောမတ်စ်ဖရန့်က Thomas Frank – Diary from the Premier League: The Story of Denmark’s Greatest Coach ဆိုတဲ့ စာအုပ်အတွင်းတွင် ယူနိုက်တက်နှင့် ချဲလ်ဆီးနည်းပြရာထူးတို့အတွက် တစ်နေ့တည်းတွင် အင်တာဗျူး ပြုလုပ်ခဲ့တဲ့အကြောင်း ထည့်သွင်းရေးသားထားပါတယ်။
ဖရန့်က "နှစ်ရာသီအတွင်း ကမ္ဘာအကြီးကျယ်ဆုံးကလပ်နှစ်ခုအတွက် အင်တာဗျူးလုပ်ခဲ့တာကတော့ တကယ့်ကို အကြီးမားဆုံးအမှတ်တရပဲ။ ဘာအလုပ်မှတော့ မရခဲ့ပါဘူး။ ဒါပေမယ့် တကယ့်ကို ကြီးမားနေတုန်းပါ။ အင်တာဗျူးနှစ်ခုအကြား Battersea Park ကို ဖြတ်လျှောက်နေတုန်းက တကယ့်ကို ကြီးမားတဲ့ အရာကြုံနေခဲ့တာကို တွေးနေခဲ့တာ မှတ်မိသေးတယ်"လို့ ဆိုသွားပါတယ်။
ယူနိုက်တက်ဟာ အက်ဖ်အေဖလားဆွတ်ခူးပြီးနောက် စိတ်ပြောင်းကာ အဲရစ်တန်ဟက်ကို စာချုပ်သစ်ချုပ်ဆိုခဲ့ပေမယ့်လည်း ငါးလအကြာမှာ ထုတ်ပယ်ခဲ့ပါတယ်။