20 နာရီ - ဘာသာပြန်ပါ။

စစ်ကိုင်းတိုင်းအတွင်း လက်နက်ကိုင်အဖွဲ့တခုက ဖမ်းထားတဲ့ ဆရာ​တော်ဦးဝိသုတအတွက် ဆု​တောင်းပွဲလုပ်ခွင့် မရ

စစ်ကိုင်းတိုင်းအတွင်းမှာ လက်နက်ကိုင် အဖွဲ့တခုရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ ​ရွှေဘိုမြို့ မဟာဝိသုတာရာမ ဗုဒ္ဓဂယာကျောင်းတိုက်ဆရာတော်ဒေါက်တာဝိသုတ ပြန်လည်လွတ်မြောက်ရေးအတွက် ဆုတောင်းမေတ္တာ ပို့သပွဲပြုလုပ်ဖို့ ရွှေတိဂုံဘုရားကို သွားရောက်ခဲ့ပေမယ့် ဂေါပကအဖွဲ့မှ ခွင့်မပြုတာကြောင့် ဝတ်ပြုဆုတောင်းခွင့် မရရှိခဲ့ဘူးလို့ သိရပါတယ်။
ဆုတောင်းမေတ္တာသပို့ပွဲကို ဒီကနေ့ နိုဝင်ဘာ ၁၆ ရက်နေ့ မနက် ၆ နာရီမှာ ရွှေတိဂုံဘုရား အောင်မြေမှာ ရဟန်းသံဃာ နဲ့ လူပုဂ္ဂိုလ်တွေ စုပေါင်းပြီး ဝတ်ပြုဆုတောင်းဖို့ သွားရောက်ခဲ့ပေမယ့် ပြုလုပ်ခွင့်မရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
" ဂေါပကအဖွဲ့ ခွင့်မပြုဘူး ။ ပူဇော်ခွင့်မရခဲ့ဘူး ။ ဘာဗီနိုင်းမှ မပါဘူး။ ဒကာ ဒကာမတွေနဲ့စုပြီး ဘုရားရှိခိုးမယ် ။ မောရသုတ်လေးရွတ်မယ် ။ အမျှဝေမယ် ဒါလောက်ပဲမှန်းတာကို ခွင့်မပြုဘူးဆိုတော့ စိတ်ကနေပဲ ရည်မှန်းပြီး စိတ်ညွှတ်ပြီး ဆုတောင်းမေတ္တာပို့သတာ သက်သက်ပါ ။ "လို့ ဆုတောင်းမေတ္တာပို့သပွဲလုပ်ဖို့ သွားရောက်ခဲ့တဲ့ တောင်ပုလ ဆရာတော်က မိန့်ပါတယ်။
လက်ရှိမှာတော့ ဆရာတော်ကြီး အဖမ်းခံရမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အဆင့်ဆင့်ကို ဥပဒေနဲ့အညီ တရားဝင်လူပျောက် တိုင်ချက်ဖွင့်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
"တရားလိုအဖြစ် တိုင်ကြားမယ့်သူကို ရွေးနေတုန်းပဲ။ သံဃာဖွင့်တာထက် လူပူဂ္ဂိုလ်ဖွင့်တာ ပိုသင့်တော်တာပေါ့ ။ " လို့ ဆရာတော်က ဆက်လက်မိန့်ပါတယ်။
လက်ရှိမှာ ဖမ်းဆီးခံထားရတဲ့ ဆရာတော်ဒေါက်တာဝိသုတ နဲ့ မိသားစုဝင်တွေ အဆက်အသွယ် ရရှိထားပြီး ဆရာတော်ကြီးမှာ ကျန်းမာပြီး ဘေးကင်းမှုရှိတယ်လို့လည်း သိရပါတယ်။
" ဆရာတော်ကြီးရဲ့ ညီအရင်းနဲ့ ဖုန်းဆက်သွယ်ရတယ် ။ ဆရာတော်ကြီး ကျန်းကျန်းမာမာရှိတယ်လို့ သိရပါတယ်။ " လို့ ထပ်မံ မိန့်ပါတယ်။
ဆရာတော် ဒေါက်တာဝိသုတက အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာရှိ "ဝင်းဝင်းနို့ဆီ"ကျောင်းတိုက် နှင့် ရွှေဘိုမြို့ မဟာဝိသုတာရာမ ဗုဒ္ဓဂယာကျောင်းတိုက်တို့ကို တည်ထောင်ထားတဲ့ ဆရာတော်ဖြစ်ပြီး အိန္ဒိယနိုင်ငံမှာ သာသနာပြုပြီး နိုင်ငံရေးအရောင်အဆင်းကင်းပြီး သာသနာ့စိတ်ဓါတ် အပြည့်ရှိတဲ့
ကြည်ညိုထိုက်သော ရဟန်းတော် တပါးဖြစ်တယ်လို့ တပည့်ဒကာ​တွေကဆိုပါတယ် ။
ဆရာတော်ဒေါက်တာဝိသုတဟာ အိန္ဒိယကို ပြန်ကြွဖို့အတွက် နိုဝင်ဘာ ၅ ရက်နေ့မှာ ရွှေဘိုကနေ ရန်ကုန်ကို ခရီးသည်ကားနဲ့ ပြန်စဥ် ရွှေဘိုမြို့အထွက် ကင်းဗျားရွာအနီးမှာ လက်နက်ကိုင် အဖွဲ့တခုက ဖမ်းဆီးသွားခြင်း ဖြစ်တယ်လို့ သိရပါတယ် ။
ဆရာတော်ပြန်လည်လွတ်မြောက်ရေးအတွက် လုပ်ဆောင်နေတဲ့ ဆရာတော် အရှင်သုန္ဒကတော့ ဆရာတော်ဒေါက်တာဝိသုတကို ဖမ်းဆီးသွားတဲ့အဖွဲ့ဟာ ရွှေဘိုမြို့နယ်၊ တိုက်နယ် (၅)၊ ပကဖ အဖွဲ့ ဖြစ်ကြောင်း ပြောဆိုအသိပေးထားပြီး ဆရာတော်ကြီးကို ပြန်လွှတ်ပေးဖို့ သူ့ရဲ့လူမှုကွန်ယက်ကနေ တောင်းဆိုထားပါတယ်။

image