KK Parkနေရာအား အမျိုးသားရေးတာဝန်အနေဖြင့် အပြီးပြတ်ရှင်းလင်းသွားမည်
----------------------------
မြန်မာ-ထိုင်းနယ်စပ်အနီးရှိ KK Parkနေရာကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ အပြီးပြတ် ရှင်းလင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
နိုဝင်ဘာ၁၅ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံစဉ် အခုလိုပြောကြားလိုက်တာပါ။
အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ မြန်မာ-ထိုင်းနယ်စပ်အနီးရှိ KK Parkနေရာကို တပ်မတော်အနေနဲ့ ရှင်းလင်းဆောင်ရွက်နေပြီး အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ အပြီးပြတ် ရှင်းလင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။
ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုဖျက်ဆီးနေတဲ့ တည်ငြိမ်အေးချမ်းမှုပျက်ယွင်းအောင် လုပ်ဆောင်နေမှုတွေကို ပြည်နယ်အတွင်းနေထိုင်ကြသူတွေအနေနဲ့ နည်းလမ်းပေါင်းစုံနဲ့ ကာကွယ်သွားကြဖို့လိုတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။