အမေရိကန်၏နျူကလီးယား စမ်းသပ်မှုအား ကန့်ကွက်မှုမရှိခြင်းက စိတ်ပျက်စရာဟု ရုရှားပြော
------------------------

နျူကလီးယား စမ်းသပ်မှုတွေ ပြန်လုပ်မယ်လို့ ပြောဆိုထားသလို ပြန်လည်စတင်ဖို့ ပြင်ဆင်နေတဲ့ အမေရိကန်အပေါ် နိုင်ငံတကာ အသိုက်အဝန်းက အင်နဲ့အားနဲ့ ကန့်ကွက်ရှုတ်ချတာမျိုး မလုပ်တာဟာ စိတ်ပျက်စရာကောင်းတယ်လို့ သြစတြီးယားနိုင်ငံ ဗီယင်နာ အခြေစိုက် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ ရုရှားအမြဲတမ်းကိုယ်စားလှယ် မီခေးလ်အူလီယာနော့ဗ်က ပြောကြားခဲ့ကြောင်း Reuters သတင်းမှာဖော်ပြထားပါတယ်။
ဗီယင်နာမြို့တော်မှာ ကျင်းပခဲ့တဲ့ “ပြီးပြည့်စုံသည့် နျူကလီးယား စမ်းသပ်မှု ပိတ်ပင်ရေးစာချုပ်” ပြင်ဆင်ရေးကော်မရှင် ဆွေးနွေးပွဲမှာ အမေရိကန်ရဲ့ နျူကလီးယားစမ်းသပ်မှု ပြန်စမယ်ဆိုတဲ့အပေါ် စိုးရိမ်ကြောင်းကို တရုတ်၊ ဗင်နီဇွဲလား၊ အီရန်နဲ့ ရုရှားကပဲ ပြောဆိုခဲ့ပြီး ကျန်ကိုယ်စားလှယ်တွေက လုံးဝ မပြောဘူးလို့ မီခေးလ် အူလီယာနော့ဗ်က ပြောပါတယ်။
နျူကလီးယားစမ်းသပ်မှု ပိတ်ပင်တားဆီးရေး စာချုပ်အဖွဲ့မှာ တာဝန်ရှိတဲ့သူတွေ ကိုယ်တိုင်ကလည်း တစုံတရာ ကန့်ကွက်ပြောဆိုတာမျိုး မရှိခဲ့တာဟာ စိတ်ပျက်စရာကောင်းသလို ကမ္ဘာကြီးအတွက် အင်မတန်စိုးရိမ်စရာကောင်းနေတယ်လို့ ဆိုပါတယ်။
အမေရိကန်ဟာ နျူကလီးယား စမ်းသပ်မှုကို နိုင်ငံတကာက သိမြင်အောင် သေသေချာချာလုပ်ပြမဲ့ အနေအထားမျိုး ရှိနေတယ်လို့လည်း အူလီယာနော့ဗ်က ပြောသွားခဲ့ပါတယ်။

image