လူရှစ်ယောက် သေဆုံးခဲ့တဲ့ ဒေလီဗုံးကွဲမှု သံသယရှိသူအမျိုးသားတယောက်ကို ဖမ်းဆီး
ပြီးခဲ့အပတ်က ဒေလီမှာ လူရှစ်ယောက်သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရရှိစေခဲ့တဲ့ ကားဗုံးခွဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အမျိုးသားတယောက်ကို ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အစိုးရက အကြမ်းဖက်မှုအဖြစ် သတ်မှတ်ထားတဲ့ တိုက်ခိုက်မှုမှာ အသုံးပြုခဲ့တဲ့ကားကို ဖမ်းဆီးရမိတဲ့ သံသယရှိသူရဲ့ အမည်နဲ့ မှတ်ပုံတင်ထားကြောင်း အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က ပြောပါတယ်။
ဖမ်းမိသူဟာ အသေခံဗုံးခွဲသူလို့ စွပ်စွဲခံရသူနဲ့ ပူးပေါင်းကြံစည်တယ်လို့ အာဏာပိုင်တွေက ယူဆထားပါတယ်။ သူဟာ အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသခံတယောက်ဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ပေါက်ကွဲမှုဟာ ဒေလီရဲ့ အထင်ရှားဆုံး အထင်ကရနေရာတွေထဲက တခုဖြစ်သည့် ခံတပ်နီအနီးရှိ မြေအောက် ရထားဘူတာရုံအနီးမှာ ဖြစ်ပွားခဲ့တာပါ။
အသေခံဗုံးခွဲသူနဲ့ သက်ဆိုင်တယ်လို့ ယူဆရတဲ့ အခြားယာဉ်တစီးကိုလည်း သိမ်းဆည်းထားကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။ လက်ရှိအချိန်ထိ ပေါက်ကွဲမှုမှာ ဒဏ်ရာရရှိသူတွေအပါအဝင် မျက်မြင်သက်သေ ၇၃ ယောက်ကို စစ်ဆေးမေးမြန်းခဲ့ပြီးဖြစ်ပါတယ်။
သမိုင်းဝင်ခံတပ်အပြင်ဘက်မှာ အဲဒီပေါက်ကွဲမှုဟာ ၂၀၁၁ ခုနှစ်မှစပြီး လုံခြုံရေးတင်းကြပ်စွာချထားတဲ့ ဒေလီမြို့မှာ ပထမဆုံး ပေါက်ကွဲမှုလည်းဖြစ်ပါတယ်။ နှေးကွေးစွာ မောင်းနှင်းလာတဲ့ ယာဉ်တစီးဟာ မီးပွိုင့်မှာ ရပ်တန့်ပြီးနောက်မကြာခင် ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီကတော့ တိုက်ခိုက်မှုကို ပူးပေါင်းကြံစည်မှုဖြစ်တယ်လို့ ဆိုထားပြီး အစိုးရအနေနဲ့ ပြစ်မှုကျူးလွန်သူတွေ ၊ ပူးပေါင်းကြံစည်သူတွေနဲ့ ထောက်ပံ့သူတွေကို တရားဥပဒေအရ အပြစ်ပေးအရေးယူမယ်လို့ ဆိုထားပါတယ်။