နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေချိန် ဂျပန်သံတမန်ကို တရုတ်စေလွှတ်ဖွယ်ရှိ
အရှေ့အာရှအိမ်နီးချင်းနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ ဂျပန်တို့အကြား ထိုင်းဝမ်အရေးကြောင့် ဆက်ဆံရေးတင်းမာနေချိန်မှာ ဂျပန်အကြီးတန်း သံတမန်တယောက်ကို တရုတ်နိုင်ငံစေလွှတ်သွားဖို့ စီစဉ်နေတယ်လို့ ဂျပန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။
ထိုင်ဝမ်ကို တရုတ်တိုက်ခိုက်ခြင်းဟာ ဂျပန်ရဲ့ ရှင်သန်မှုကို ခြိမ်းခြောက်နိုင်ပြီး စစ်ရေးတုံ့ပြန်မှုကို ဖြစ်ပေါ်စေနိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ် တာကာအိချိက လွှတ်တော်မှာ ပြောကြားပြီးနောက် တရုတ်နဲ့ တင်းမာမှုတွေ မြင့်တက်လာတာပါ။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာရှနဲ့ သမုဒ္ဒရာဒေသဆိုင်ရာဗျူရိုရဲ့ ညွှန်ကြားရေးမှူးချုပ် မာဆာကီ ကာအိချီဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး လျူဂျင်ဆောင်နဲ့ တွေ့ဆုံမယ်လို့ ဂျပန်မီဒီယာတွေက ရေးသားဖော်ပြထားပါတယ်။
ဝန်ကြီးချုပ် တာကာအိချီရဲ့ မှတ်ချက်ဟာ ဂျပန်လုံခြုံရေးမူဝါဒ ပြောင်းလဲမှုမဟုတ်ဘဲ ဆက်ဆံရေးကို ထိခိုက်စေမယ့် လုပ်ဆောင်ချက်တွေကို ရှောင်ကြဉ်ဖို့ တရုတ်ကို တိုက်တွန်းကြောင်း သံတမန်ဖြစ်သူ ကာအိချီက ရှင်းပြဖို့ မျှော်လင့်ရကြောင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ကာအိချီသည် တရုတ်နိုင်ငံကို သွားရောက်မယ့်ကိစ္စကို မှတ်ချက်မပေးသေးပါဘူး။ ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး တရုတ်ဟာ ဂျပန်သံအမတ်ကြီးကို ဆင့်ခေါ်ကန့်ကွက်ခဲ့ပါတယ်။
ဒါအပြင် ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်ခြင်းမပြုဖို့ တရုတ်နိုင်ငံသားတွေကို သတိပေးထုတ်ပြန်ခဲ့ပြီး ဂျပန်နိုင်ငံရှိ ခရီးသွားလုပ်ငန်း ကုမ္ပဏီတွေကတော့ လုပ်ငန်းတွေထိခိုက်မှာ စိုးရိမ်နေကြပါတယ်။
ထိုင်ဝမ်သမ္မတ လိုင်ချင်းတီကတော့ တရုတ်နိုင်ငံဟာ ဂျပန်အပေါ် ဘက်ပေါင်းစုံတိုက်ခိုက်မှု ပြုလုပ်နေပြီး အင်ဒို-ပစိဖိတ်ဒေသရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ကို ပြင်းထန်စွာ ထိခိုက်စေကြောင်း ပြောပါတယ်။ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ပြဿနာရှာသူ ဖြစ်မယ့်အစား အင်အားကြီးနိုင်ငံနဲ့ ကိုက်ညီတဲ့ အပြုအမူကို ပြသဖို့ တရုတ်နိုင်ငံကို တိုက်တွန်းထားပါတယ်။