မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှုများ တိုက်ဖျက်ရန် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပြောကြား
တရုတ်-မြန်မာ-ထိုင်း-ကမ္ဘောဒီးယား-လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ပထမအကြိမ် အွန်လိုင်းလိမ်လည်မှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၁၄ ရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့ရှိ Hai Geng (ဟိုင်ဂင်)ဟိုတယ်၌ တရုတ်-မြန်မာ-ထိုင်း-ကမ္ဘောဒီးယား-လာအိုနှင့်ဗီယက်နမ်နိုင်ငံတို့အကြား ပထမအကြိမ် အွန်လိုင်းလိမ်လည်မှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အစည်းအဝေးတွင် သဘာပတိဖြစ်သူ တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာ လျိုကျုံးယီ က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များက အမှာစကား အသီးသီး ပြောကြားခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှုများတိုက်ဖျက်ရန် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လိမ်လည်မှုကွန်ရက်များနှင့် ရာဇဝတ်ဂိုဏ်းများကို ပြတ်ပြတ်သားသားနှိမ်နင်းဖယ်ရှားရန်၊ အဆိုပါကွန်ရက်များ၌ပိတ်မိနေသူများကိုကယ်ဆယ်ရန်၊ ဒေသတွင်းတရားဥပဒေစိုးမိုးရေးကိုထိန်းသိမ်းရန်အထူးအလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အွန်လိုင်းအသုံးပြုလိမ်လည်မှုတိုက်ဖျက်ရေးသည် လန်ချန်း-မဲခေါင်အသိုက်အဝန်း၏ ဘုံတာဝန်ဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးယန္တရားသည် စိန်ခေါ်မှုများကိုရင်ဆိုင်နိုင်မည့် ပလက်ဖောင်းတစ်ရပ်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော် က အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။