နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏ကိုယ်ကျိုးစီးပွားအတွက် တရားမဝင် ကုန်သွယ်မှုများတွင် ပါဝင်ပတ်သက်လျက်ရှိကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား
အွန်လိုင်းအသုံးပြုလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု ကျူးလွန်နေသူများ အခြေပြုဆောင်ရွက်လျက်ရှိသည့် အခြေခံအဆောက်အဦများကိုပါ ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍ အမြစ်ပြတ်ချေမှုန်း ရှင်းလင်းသွားမည်ဟုဆို
နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှုမရှိဘဲ ၎င်းတို့၏ကိုယ်ကျိုးစီးပွားအတွက် တရားမဝင် ကုန်သွယ်မှုများတွင် ပါဝင်ပတ်သက်လျက်ရှိကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ယနေ့(နိုဝင်ဘာ ၁၆ ရက်) နံနက်ပိုင်းတွင် မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမ၌ မွန်ပြည်နယ်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေး ပြောကြားရာတွင် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
နယ်စပ်ဒေသများ၌ တည်ငြိမ်အေးချမ်းမှုအားနည်းလာသဖြင့် အချို့သော နယ်စပ်ဂိတ်များကို ပိတ်ထားရကြောင်း၊ အချို့သော ဝန်ထမ်းများ၊ နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် နိုင်ငံတော် အပေါ်သစ္စာစောင့်သိမှုမရှိဘဲ ၎င်းတို့၏ကိုယ်ကျိုးစီးပွားအတွက် တရားမဝင် ကုန်သွယ်မှုများတွင် ပါဝင်ပတ်သက်လျက်ရှိကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ထိုကဲ့သို့ တရားမဝင်ကုန်သွယ်မှုများဆောင်ရွက်ခြင်းဖြင့် နယ်စပ်ဒေသများရှိ လက်နက်ကိုင်အဖွဲ့အစည်းများကို သက်ဆိုးရှည်စေနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံတော်အနေဖြင့်လည်း ရသင့်ရထိုက်သည့် အခွန်အခများ ရရှိမှုမရှိသည့်အတွက် ထိခိုက်နစ်နာရလျက်ရှိကြောင်း၊ အလားတူ နယ်စပ်ဒေသများ၌ အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်း ကစားမှု (Online Gambling) ကျူးလွန်နေသူများမရှိစေရေး အလေးထားဆောင်ရွက်လျက်ရှိပြီး ၎င်းတို့အခြေပြုဆောင်ရွက်လျက်ရှိသည့် အခြေခံ အဆောက်အဦများကိုပါ ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍အမြစ်ပြတ်ချေမှုန်း ရှင်းလင်းသွားမည်ဖြစ်ကြောင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။