2 ရက် - ဘာသာပြန်ပါ။

ယူကရိန်းနှင့်ပွဲတွင် ၂ ဂိုးသွင်းပြီးနောက် ပြင်သစ်အသင်းမှ ဘက်ပေး နုတ်ထွက်လာ
====================

ကိုင်လီယန်ဘက်ပေးဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ပြင်သစ်အသင်းလေ့ကျင့်ရေးစခန်းမှ နုတ်ထွက်လာပါတယ်။
ပြင်သစ်စူပါစတားဟာ ကြာသပတေးနေ့တုန်းက ယူကရိန်းကို ၄-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ၂ ဂိုးသွင်းယူပြီး ပြင်သစ်ကို ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် ကူညီပေးခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ဘက်ပေးဟာ ပြင်သစ်အသင်းမှ နုတ်ထွက်လိုက်ရမှုနှင့်အတူ တနင်္ဂနွေနေ့ည အဇာဘိုင်ဂျန်နှင့် ရင်ဆိုင်ကစားရမယ်ပွဲစဉ်ကို လွဲချော်လာပါမယ်။
ရီးရဲလ်မက်ဒရစ်စူပါစတားဟာ ညာဖက်ခြေကျင်းဝတ်ဒဏ်ရာကြောင့် ပြင်သစ်အသင်းမှ နုတ်ထွက်ကာ ဒဏ်ရာအား စစ်ဆေးမှုများ ပြုလုပ်ရန် ရီးရဲလ်မက်ဒရစ်နှင့် ပူးပေါင်းလာခဲ့ပြီလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ကြွက်သားဒဏ်ရာရရှိသွားခဲ့တဲ့ ကွင်းလယ်ကစားသမားအက်ဝတ်ဒိုကာမာဗန်ဂါမှာလည်း ပြင်သစ်အသင်းမှ နုတ်ထွက်လာရပါတယ်။ တဆက်တည်းတွင် မာနျူကိုနေးမှာလည်း ပွဲပယ်ခံထားရမှုနှင့်အတူ နုတ်ထွက်လာပါတယ်။
အသက် ၂၆ နှစ်ရှိ ဘက်ပေးဟာ ယူကရိန်းနှင့်ပွဲတွင် ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ကစားသမားဘဝ သွင်ဂိုး ဂိုး ၄၀၀ ပြည့်ခဲ့သူ ဖြစ်ပါတယ်။
ဂိုး ၄၀၀ သွင်းယူနိုင်ပြီးနောက် ဘက်ပေးက ခရစ္စတီယာနိုရော်နယ်ဒိုကဲ့သို့ ဂိုးတစ်ထောင်ပြည့်အောင် သွင်းယူရေး စိန်ခေါ်မှု ရင်ဆိုင်ရန် စိတ်ဝင်စားကြောင်း ဆိုသွားပါတယ်။
ဘက်ပေးက "အခု ဂိုး ၄၀၀ ပြည့်ပြီ။ ဒါက လူတွေကို မအံ့ဩစေပါဘူး။ လူတွေကို တုန်လှုပ်သွားစေချင်ရင် နောက်ထပ် ဂိုး ၄၀၀ ထပ်သွင်းရဦးမယ်။ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ဂိုး ၁၀၀၀ ရည်မှန်းချက်လား။ ဒါက မဖြစ်နိုင်တဲ့အရာမျိုးပါ။ ဒါပေမယ့် မဖြစ်နိုင်တာကို ကြိုးစားကြည့်ကြတာပေါ့"လို့ ပြောကြားသွားပါတယ်။
ဘက်ပေးဟာ ၂၀၂၄ နွေရာသီတွင် ရီးရဲလ်မက်ဒရစ်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းပြီးနောက် ၇၅ ပွဲတွင် ၆၂ ဂိုးအထိ သွင်းထားသူ ဖြစ်ပါတယ်။ သူဟာ ပီအက်စ်ဂျီအတွက် ၂၆၄ ပွဲတွင် ၂၃၅ ဂိုးသွင်းခဲ့ပါတယ်။
သူဟာ ပြင်သစ်အတွက် ၉၄ ပွဲကစားထားရာမှာ ၅၅ ဂိုးသွင်းထားပြီး ပြင်သစ်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားသူ အိုလီဗာဂျရူးရဲ့ စံချိန်ကို လိုက်မီရန် ၂ ဂိုးတည်းသာ လိုပါတော့တယ်။

image