ကွဲပြားတဲ့နိုင်ငံအတွက် ကစားရန် ရွေးချယ်လာနိုင်မှုနှင့်အတူ ၂၀၂၆ ကမ္ဘာ့ဖလားတွင် အစ်ကိုဖြစ်သူ ဘက်ပေးကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်လာဖို့ ရှိနေတဲ့ ညီဖြစ်သူအီသန်
======================

အစ်ကိုဖြစ်သူ ကိုင်လီယန်ဘက်ပေးက ပြင်သစ်အသင်းအတွက် ကစားနေပေမယ့်လည်း ညီဖြစ်သူ အီသန်ကတော့ အစ်ကိုနောက်မလိုက်ဘဲ အခြားနိုင်ငံတစ်ခုအတွက် ကစားလာဖို့ ရှိနေပါတယ်။
ကမ္ဘာ့အကောင်းဆုံးကစားသမားများထဲမှ တစ်ဦးဖြစ်တဲ့ ကိုင်လီယန်ဘက်ပေးရဲ့ ညီ အီသန်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ဒဏ်ရာပြဿနာများနှင့် နပန်းလုံးနေခဲ့ရပေမယ့်လည်း ယခုရာသီမှာတော့ လိုင်လီမှာ အတိုင်းအတာတစ်ခုအထိ လုပ်ပြထားနိုင်ပြီ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအကယ်ဒမီထွက် ကစားသမားဟာ လိုင်လီအတွက် ယခုရာသီမှာ လီဂူး ၁ ၅ ပွဲ လူစားဝင်ရောက် ကစားထားရာမှာ ပီအက်စ်ဂျီနှင့်ပွဲတွင် နောက်ကျချေပဂိုး၊ တူးလော့စ်နှင့်ပွဲတွင် နောက်ကျ အနိုင်ဂိုးတွေ သွင်းယူထားနိုင်ပါတယ်။
ဆယ်ကျော်သက်ကစားသမားဟာ ပထမအသင်းမှာ ပုံမှန်ကစားခွင့်ရလာချိန်တွင် ဘယ်နိုင်ငံအတွက် ကစားလာမလဲဆိုတာ စတင် စဉ်းစားနေရပြီလည်း ဖြစ်ပါတယ်။
အစ်ကိုဖြစ်သူ ဘက်ပေးက ၂၀၁၇ ခုနှစ်တွင် ပြင်သစ်အတွက် ပထမဆုံးပွဲ ကစားခွင့်ရခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘက်ပေးဟာ မိခင်ဖြစ်သူအယ်ဇာမှာ အယ်ဂျီးရီးယားနွယ် ဖြစ်ပြီး ဖခင်ဖြစ်သူဝီလ်ဖရိုင်းက ကင်မရွန်း ဖြစ်တာကြောင့် အယ်ဂျီးရီးယားနှင့် ကင်မရွန်းတို့အတွက်လည်း ကစားခွင့် ရှိနေသူ ဖြစ်ပါတယ်။
ယခု အီသန်ဟာလည်း မွေးရာဇာတိနှင့် မိဘတွေနဲ့ နိုင်ငံတွေအကြား ဘယ်အသင်းအတွက် ကိုယ်စားပြုကစားရမလဲဆိုတာ ခေါင်းစားနေရပါတယ်။
အယ်ဂျီးရီးယားဘောလုံးအဖွဲ့ချုပ်ကတော့ အားလုံးထက် လက်ဦးမှု ရယူပြီး အီသန်ရဲ့ မိခင်ဖြစ်တဲ့အပြင် အေးဂျင့်လည်း ဖြစ်တဲ့ ဖေဇာကို ဆက်သွယ်ထားပြီလည်း ဖြစ်ပါတယ်။
အယ်ဂျီးရီးယားဟာ ၂၀၂၆ ကမ္ဘာ့ဖလားမတိုင်မီ ဥရောပတလွှားမှ အယ်ဂျီးရီးယားနွယ်ဖွား ကစားသမားတွေကို ဆက်သွယ်ကာ အကောင်းဆုံးပြင်ဆင်မှု ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
အယ်ဂျီးရီးယားဟာ ပြင်သစ်ဂန္ထဝင်ဇီဒန်းရဲ့ သား ဂိုးသမားလူကာဇီဒန်းကို အသင်းအတွက် ကစားရန် ဆွဲဆောင်ထားနိုင်ခဲ့ပြီးလည်း ဖြစ်ပါတယ်။
ဂရန်နာဒါဂိုးသမားဟာ ပြင်သစ်လူငယ်အသင်းအဆင့်ဆင့်မှာ ကစားခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့လတုန်းက အယ်ဂျီးရီးယားအတွက် ပထမဆုံးပွဲ ကစားခဲ့ပြီးလည်း ဖြစ်ပါတယ်။
အီသန်ကတော့ ပြင်သစ်လူငယ်အသင်းတွေမှာလည်း တစ်ပွဲမျှ ကစားရခြင်း မရှိသေးပါဘူး။ ဒါကြောင့်လည်း သူဟာ မိခင်ဖြစ်သူရဲ့ အယ်ဂျီးရီးယားအတွက် ကစားဖို့ ရွေးချယ်လာနိုင်ပါတယ်။
တကယ်လို့များ အားလုံးထောက်ခံချက် ရရှိလာပြီဆိုလျှင်လည်း အီသန်ကို အယ်ဂျီးရီးယားရဲ့ ကမ္ဘာ့ဖလားလူစာရင်းမှာ မြင်တွေ့လာရဖို့ ရှိနေပါတယ်။
ဒါကြောင့်လည်း ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်နှင့် အယ်ဂျီးရီးယား တွေ့ဆုံလာပါက ညီအစ်ကိုနှစ်ယောက် ပြိုင်ဘက်အဖြစ် တွေ့ဆုံလာနိုင်ပါတယ်။

imageimage