အယ်ဘေးနီးယားနှင့် ကမ္ဘာ့ဖလားနောက်ဆုံးခြေစစ်ပွဲတွင် ပီလီရဲ့ စံချိန်ကို လိုက်မီနိုင်မယ့် အခွင့်အရေး ပိုင်ဆိုင်ထားတဲ့ ဟယ်ရီကိန်း
====================

ဟယ်ရီကိန်းဟာ ပီလီရဲ့ စံချိန်ကို လိုက်မီနိုင်မယ့် အခွင့်အရေး ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ယနေ့ည Arena Kombetare တွင် ကစားမယ့် အယ်ဘေးနီးယားနှင့်ပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ပါက ဘရာဇီးဂန္ထဝင် ပီလီနှင့်အတူ နိုင်ငံတကာသွင်းဂိုး ၇၇ ဂိုးသွင်းယူနိုင်တဲ့ သူ ဖြစ်လာပါမယ်။
တကယ်လို့ ဂိုးသွင်းယူနိုင်ပါက ဟယ်ရီကိန်းမှာ ၁၁၂ ပွဲဖြင့် ၇၇ ဂိုးသွင်းယူလာနိုင်မှာ ဖြစ်ပါမယ်။ ဘရာဇီးဂန္ထဝင်ပီလီကတော့ ၉၂ ပွဲဖြင့် ၇၇ ဂိုးသွင်းထားနိုင်တာပါ။
ဟယ်ရီကိန်းဟာ ယခုရာသီတွင် ဘိုင်ယန်မြူးနစ်အတွက် ၁၇ ပွဲကစားထားရာမှာ ၂၃ ဂိုးအထိ သွင်းယူထားနိုင်ပြီး Ballon d'Or ဆုအတွက် ရှေ့ဆုံးမှ နာမည်ထွက်နေသူ ဖြစ်ပါတယ်။
တဖက်တွင် ဟယ်ရီကိန်းအနေဖြင့် ယခုရာသီတွင် တကိုယ်တော်အောင်မြင်မှုအနေဖြင့် ဂိုးများစွာ သွင်းယူနိုင်ပါက ကလပ်၊ နိုင်ငံအသင်းနှင့်အတူ ဆုဖလား မရရှိလာပါက Ballon d'Or ဆွတ်ခူးနိုင်မယ့် အခွင့်အရေး ရှိလာမှာ မဟုတ်ပါဘူး။
ယင်းကို ဟယ်ရီကိန်းကိုယ်တိုင်ကလည်း ဝန်ခံထားပါတယ်။
၎င်းက "ဒီရာသီမှာ ဂိုး ၁၀၀ သွင်းနိုင်လည်း ချန်ပီယံလိဂ် သို့မဟုတ် ကမ္ဘာဖ့လားမရရင် Ballon d'Or ရလာမှာ မဟုတ်ပါဘူး။ ဟာလန်းလည်း ဒီတိုင်းပဲ။ ဆုဖလားတွေ ရဖို့ လိုတယ်။ ဒီရာသီမှာ ဘိုင်ယန်မြူးနစ် ချီတက်နေတဲ့ပုံစံက အကောင်းဆုံးပုံစံ ရနေတယ်လို့ ပြောရမယ်။ ချန်ပီယံလိဂ်မှာလည်း ရေပန်းအစားဆုံး ဖြစ်နေတယ်။ အင်္ဂလန်လည်း ဒီအတိုင်းပဲ။ ဒီပြိုင်ပွဲ(ကမ္ဘာ့ဖလား)မှာ ရေပန်းအစားဆုံးအသင်းတွေထဲက တစ်သင်း ဖြစ်လာမယ်"လို့ ပြောကြားသွားပါတယ်။
အင်္ဂလန်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၇ ပွဲလုံး အနိုင်ရထားပြီး ၂၁ ဂိုးအထိ သွင်းထားနိုင်သလို ဂိုးတစ်ဂိုးမျှလည်း ပေးထားရခြင်း မရှိပါဘူး။
တကယ်လို့များ အင်္ဂလန်ဟာ အယ်ဘေးနီးယားနှင့်ပွဲတွင် ဂိုးမပေးရပါက ဂိုးမပေးရဘဲ ခြေစစ်ပွဲအောင်မြင်တဲ့ ပထမဆုံးဥရောပအသင်းဖြစ်လာပါမယ်။

image