ဖာရိုးကျွန်းစုကို အနိုင်ယူကာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်လာတဲ့ ခရိုအေးရှား
======================

ခရိုအေးရှားဟာ ဖာရိုးကျွန်းစုကို နောက်ကလိုက်ကစားပြီး အနိုင်ယူကာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာပါတယ်။ ဖာရိုးကျွန်းစုဟာလည်း ဒီရှုံးပွဲကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင် မျှော်လင့်ချက်အနည်းငယ်ကလည်း အဆုံးသတ်သွားပါတယ်။

အသင်းငယ်လေး ဖာရိုးကျွန်းစုဟာ ဂရမ်စဘီတောင်းရဲ့ ဂီဇာဒေးဗစ်ကျူရီရဲ့ ကန်ချက် လူထိပြီး လမ်းကြောင်းပြောင်းဂိုးဝင်သွားမှုကနေ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။

ဒါပေမယ့် ၇ မိနစ်အကြာမှာ ဂျို့စ်ကိုဂဗာဒီယော့က ထောင့်ကျဉ်းသို့ ကန်ပြီး ခရိုအေးရှားအတွက် ချေပဂိုးသွင်းခဲ့ပါတယ်။

ယင်းနောက် ပီတာမူဆာက ၂၀၂၃ ခုနှစ်နောက်ပိုင်း ပထမဆုံးနိုင်ငံတကာဂိုးအဖြစ် ၈ ကိုက်အကွာမှ ခရိုအေးရှားအတွက် ဦးဆောင်ဂိုးသွင်းခဲ့ပြီးနောက် နီကိုလာဗလာဆစ်က အိုင်ဗန်ပီရီဆစ်ရဲ့ ဖြတ်တင်ဘောကနေ အနိုင်သေချာစေမယ့် တတိယဂိုးကို သွင်းယူခဲပါတယ်။

ခရိုအေးရှားဟာ ဒီနိုင်ပွဲကြောင့် တစ်ပွဲတည်းသာ ကစားရန် ကျန်တော့တဲ့အချိန်တွင် ဒုတိယနေရာမှ ချက်ကို ၆ မှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်။

ချက်ဟာလည်း ပွဲအားလုံး ကစားပြီးသွားပြီဖြစ်တဲ့ ဖာရိုးကျွန်းစုကို တစ်မှတ်ဖြတ်ထားနိုင်မှုနှင့်အတူ ပလေးအော့ဖ်နေရာရရှိသွားခဲ့ပါတယ်။

ပွဲအပြီးတွင် ဂဗာဒီယော့က "ခြေစစ်ပွဲ တစ်ပွဲကစားဖို့ လိုသေးတဲ့အချိန်မှာပဲ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပြည့်သွားပါပြီ။ ခြေစစ်ပွဲအောင်လို့ ဂုဏ်ယူတယ်။ ရှေ့ကို ကြည့်နေပါတယ်။ မွန်တီနီဂရိုးနဲ့ နောက်ဆုံးပွဲကို စိတ်အေးလက်အေးနဲ့ ချီတက်ပါမယ်။ ဒါပေမယ့် သုံးမှတ်ရဖို့ပဲ အာရုံစိုက်ပါတယ်။ ပွဲတိုင်းက လာမယ့်နွေရာသီအတွက် ပြင်ဆင်မှု ဖြစ်ပါတယ်"လို့ ဆိုသွားပါတယ်။

ဖာရိုးကျွန်းနည်းပြအေဒန်ကလာစတိန်းကလည်း "ကမ္ဘာ့ဖလားမှာ သူတို့ အကောင်းဆုံး ကြုံပါစေလို့ ဆုတောင်းပါတယ်။ သူတို့ကလည်း ကျွန်တော်တို့လိုပဲ နိုင်ငံငယ်လေးပါ။ ဒီအရေးပါတဲ့ ပြိုင်ပွဲတွေက နိုင်ငံတွေကို အမြဲအားပေးပါတယ်"လို့ ဆိုသွားပါတယ်။

image