ပညာရေးမှရရှိလာသည့် စဉ်းစားဆင်ခြင်သုံးသပ်နိုင်စွမ်းနှင့် ပြဿနာဖြေရှင်းနိုင်စွမ်းတို့သည် နယ်ပယ်အသီးသီးတွင်များစွာအထောက်အကူပြုသော ပင်ကိုအရည်အချင်းများဖြစ်

ပညာရေးမှရရှိလာသည့် စဉ်းစားဆင်ခြင်သုံးသပ်နိုင်စွမ်းနှင့် ပြဿနာဖြေရှင်းနိုင်စွမ်းတို့သည် နယ်ပယ်အသီးသီးတွင်များစွာအထောက်အကူပြုသောပင်ကိုအရည်အချင်းများဖြစ်သည်ဟု ယနေ့ နိုဝင်ဘာ ၁၄ ရက်တွင်ကျရောက်သည့် ၁၀၅ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားသို့ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ သဝဏ်လွှာပေးပို့၍ပြောကြားခဲ့သည်။

ပညာရေးမှရရှိလာသည့် စဉ်းစားဆင်ခြင်သုံးသပ်နိုင်စွမ်းနှင့် ပြဿနာကိုဖြေရှင်းနိုင်စွမ်းသည် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်အသီးသီးတွင်များစွာအထောက်အကူပြုသော ပင်ကိုအရည်အချင်းများဖြစ်၍ ကျောင်းသား၊ ကျောင်းသူများအား ပညာရေးဖြင့်ကိုယ်ကျင့်တရားကောင်းမွန်ပြီး တာဝန်သိ၍ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ရှိသည့် နိုင်ငံ့သားကောင်းများဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရမည်ဟု ပြောသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အသိပညာအတတ်ပညာ ပြည့်စုံသော လူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ရာတွင် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိရေးနှင့် အနည်းဆုံး KG+9 ပြီးဆုံးသည်အထိ ကျောင်းနေနိုင်ရေးအတွက် အခမဲ့ပညာရေးစနစ်ကိုကျင့်သုံးလျက်ရှိသည်ဟု ပြောသည်။

" ပညာရေးဟာ လူတစ်ဦးချင်းစီရဲ့ ဘဝတိုးတက်မှုအပြင် နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ကိုပုံဖော်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် အသိပညာ၊ အတတ်ပညာနဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့ နိုင်ငံ့သားကောင်းထူးချွန်ပညာရှင်တွေပေါ်ထွန်းလာစေဖို့ ကြိုးပမ်းဆောင်ရွက်ကြရပါမယ်။ အသိပညာ၊ အတတ်ပညာပြည့်စုံပြီး ထူးချွန်ထက်မြက်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေနဲ့ နိုင်ငံတော်ကိုတည်ဆောက်သွားနိုင်ရပါမယ်"ဟု ယာယီသမ္မတက ပြောသည်။

နိုင်ငံတစ်နိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူတစ်ဦးချင်းစီ၏ အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်၊ ဗဟုသုတပြည့်ဝစေခြင်းဖြင့် အမျိုးသားပညာရေးကိုမြှင့်တင်ပေးရမည်ဖြစ်ကာ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေသည့်ကာလတွင် တိုင်းရင်းသားပြည်သူများအနေဖြင့် အရာရာကိုစဉ်းစားတွေးခေါ်ကာ အမှားအမှန်ကို ခွဲခြားသိရှိပြီး နိုင်ငံနှင့် လူမျိုးအကျိုးသယ်ပိုးဆောင်ရွက်ရန်အရေးကြီးသည်ဟု ပြောသည်။

ထို့ကြောင့် အမျိုးသားပညာရေးမြှင့်တင်ရေးအတွက် အခြေခံအဆောက်အဦးများဖြည့်ဆည်းပေးခြင်း၊ သင်ရိုးညွှန်းတမ်းများ ခေတ်နှင့်အညီမွမ်းမံပြင်ဆင်ခြင်း၊ ဆရာသင်ကြားသင်ယူမှုအရည်အသွေးမြှင့်တင်ခြင်း၊ သင်ယူမှုအခွင့်အလမ်းများတိုးမြှင့်ခြင်း၊ ပညာရေးအသုံးစရိတ်များကို နှစ်စဉ်တိုးတက်သုံးစွဲလျက်ရှိခြင်းတို့ကြောင့် အမျိုးသားပညာရေးကိုမြှင့်တင်ခြင်းဖြင့် နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရန် နိုင်ငံသားအားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ကြရမည်ဟု နိုင်ငံတော်ယာယီသမ္မတက ပြောကြားခဲ့သည်။

image