မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ငလျင်ဒ-ဏ်သင့် အလုပ်သမားများ၏ လူမှုဖူလုံရေး အကျိုးခံစားခွင့်များကို ထုတ်ပေးလျက်ရှိ
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့်ကို ထုတ်ပေးလျက်ရှိရာ လျှောက်ထားမှု၏ ၉၉ ဒသမ ၁၆ ရာခိုင်နှုန်းကို ခွင့်ပြုထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၏ ပြောကြားချက်အရ သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့်နှင့် သားသမီးများအား ပညာသင်စရိတ်ဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်ပေးအပ်ခြင်းကို မန္တလေးမြို့တော်ခန်းမ၌ နိုဝင်ဘာ ၁၃ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေတွင်ပါရှိသည့် အာမခံစနစ် ခြောက်မျိုးအနက် နိုင်ငံ၏အခြေအနေနှင့် ကိုက်ညီဆောင်ရွက်နေသော အာမခံစနစ်သုံးမျိုးမှ စုစုပေါင်းအကျိုးခံစားခွင့် ၁၅ မျိုးကို ရရှိခံစားရမည်ဖြစ်ပြီး ကျန်းမာရေးနှင့်လူမှုရေး စောင့်ရှောက်မှုအာမခံစနစ် ထည့်ဝင်ကြေးပေးသွင်းထားရှိပါက မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်ဖြစ်သည့် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ အကျိုးခံစားခွင့်နှင့် ပညာသင်စရိတ်ခံစားခွင့်များကို ရရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။
မန္တလေးငလျင်ဘေးသင့်ခဲ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လူမှုဖူလုံရေးအဖွဲ့ တွင် အာမခံ အလုပ်သမား ၂၅,၅၃၄ ဦးအတွက် ကျပ် ၂၀၂၀ ဒသမ ၃၁၉ သန်းကို ပေးအပ်သွားမည်ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း စုစုပေါင်း အာမခံ အလုပ်သမား ၇၈,၃၄၂ ဦးအတွက် ကျပ် ၆,၂၃၆ ဒသမ ၅၄၆ သန်းကို Online Payment စနစ်ဖြင့် အာမခံအလုပ်သမားများ၏ လက်ဝယ်အရောက် စနစ်တကျ ပေးအပ်နိုင်ခဲ့ပြီး လျှောက်ထားလာသည့်အလုပ်သမားများ၏ ၉၉ ဒသမ ၁၆ ရာခိုင်နှုန်းကို ခွင့်ပြုထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ခွင့်ပြုပေးရန် ကျန်ရှိသည့် အာမခံအလုပ်သမား ၂၂၉ ဦးတို့၏ သားသမီး ၃၁၃ ဦးတို့ အတွက် ပညာသင်စရိတ် ကျပ် ၁၂ ဒသမ ၁၀၈ သန်းကို ခွင့်ပြုထုတ်ပေးမည်ဖြစ်ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အာမခံအလုပ်သမား ၁၁,၂၁၉ ဦးတို့၏ သားသမီး ၁၅,၂၁၃ ဦးတို့အတွက် ပညာသင်စရိတ် စုစုပေါင်း ကျပ် ၅၉၈ ဒသမ ၉၀၅ သန်းကို ပေးအပ်ပြီးဖြစ်၍ လျှောက်ထားသည့် အလုပ်သမားများ၏ ၉၅ ဒသမ ၃၆ ရာခိုင်နှုန်းကို ထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။