နန်းစံနေဆဲ ထိုင်းဘုရင်တပါး တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်

ထိုင်းနိုင်ငံဘုရင် မဟာဝဇီရာလောင်ကွန်းဟာ နိုဝင်ဘာ ဗုဒ္ဓဟူးနေ့က တရုတ်နိုင်ငံကို ရောက်ရှိလာခဲ့ပြီး သူဟာ လက်ရှိနန်းစံနေတဲ့ ထိုင်းဘုရင်တပါးရဲ့ ပထမဆုံး တရုတ်ခရီးစဉ်လည်းဖြစ်ပါတယ်။

၁၉၇၅ ခုနှစ်မှာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး စတင်တည်ထောင်ခြင်း နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်သမ္မတ ရှီကျင်းပင်ရဲ့ ဖိတ်ကြားချက်အရ ထိုင်းဘုရင်ရဲ့ တရုတ်ခရီးစဉ် ထွက်ပေါ်လာတာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ဒီခရီးစဉ်အတွက် နှစ်အတော်ကြာကတည်းက တွန်းအားပေးနေခဲ့တယ်လို့ ယုံကြည်ရပါတယ်။

ထိုင်းနဲ့ တရုတ်နိုင်ငံအကြား အဆင့်အားလုံးမှာ နက်ရှိုင်းတဲ့ ချစ်ကြည်ရင်းနှီးမှုနဲ့ အပြန်အလှန်နားလည်မှုကို အလေးပေးဖော်ပြတာဖြစ်တယ်လို့ ထိုင်းအစိုးရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ထိုင်းဘုရင်နှင့် နဲ့ မိဖုရားစုသီတာတို့ဟာ လင်ဂွမ်ဗုဒ္ဓဘာသာဘုရားကျောင်းနံ့ ပေကျင်းအာကာသမြို့တော်ကဲ့သို့သော ပေကျင်းရှိ အထင်ကရနေရာတွေကို သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။

သမ္မတရှီနဲ့ သမ္မတကတော်တို့ကလည်း ထိုင်းတော်ဝင်မိသားစုအတွက် နိုင်ငံတော်ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံမှာ ဖြစ်ပါတယ်။ ခရီးစဉ်ဟာ ဘုရင်ဝဇီရာလောင်ကွန်း လွန်ခဲ့တဲ့ ကိုးနှစ်က နန်းတက်ပြီးနောက် အထင်ကရ နိုင်ငံတော်ခရီးစဉ်ဖြစ်ပြီး ဧပြီလမှာ ဘူတန်ကိုလည်း သွားရောက်ခဲ့ပါတယ်။

ဆန့်ကျင်ဘက်အနေနဲ့ သူ့ရဲ့ဖခင် ဘုရင်ဘူမိဘောရဲ့ အထင်ရှားဆုံး ပြည်ပခရီးစဉ်တွေကတော့ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ အမေရိကန်ပြည်ထောင်စုကို သွားရောက်ခဲ့ပြီး အဲဒီအချိန်တုန်းက ထိုင်းနိုင်ငံဟာ စစ်အေးတိုက်ပွဲမှာ အရေးပါတဲ့ မိတ်ဖက်ဖြစ်သလို အင်ဒိုချိုင်းနားဒေသမှာ အမေရိကန်စစ်ရေးလှုပ်ရှားမှုတွေအတွက် အရေးပါတဲ့ အခြေစိုက်စခန်းတခုလည်း ဖြစ်ပါတယ်။

အဓိကအားဖြင့် ထိုင်းနိုင်ငံရဲ့ လူ့အခွင့်အရေးအပေါ် အမေရိကန်ရဲ့ ဝေဖန်မှု၊ သမ္မတထရန့်ရဲ့ အခွန်ကောက်ခံမှုတွေနဲ့ အမေရိကန်ဟာ အာရှမိတ်ဆွေတွေအပေါ် ယခင်ကလောက် ကတိကဝတ် မပြုတော့ဘူးလို့ ယူဆမှုတွေကြောင့် ထိုင်းနဲ့ အမေရိကန် ဆက်ဆံရေး ယိုယွင်းနေပါတယ်။

ထိုင်းနိုင်ငံဟာ အမေရိကန်ရဲ့ တရားဝင်စစ်ရေးမဟာမိတ်အဖြစ် ရှိနေဆဲဖြစ်ပေမယ့် တရုတ်နဲ့ ဆက်ဆံရေးဟာ မကြာသေးမီနှစ်တွေအတွင်း တဖြည်းဖြည်း နီးကပ်လာခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး စစ်ဘက်ပစ္စည်းရင်းမြစ်အနေနဲ့ အမေရိကန်နဲ့ အပြိုင်ဖြစ်လာနေပါတယ်။

image