သီပေါတံတား ဖြတ်သန်းခွင့်မရတော့လို့ ကားတွေ ပိတ်မိ

ရှမ်းပြည်နယ် မြောက်ပိုင်း ၊သီပေါမြို့ရှိ သီပေါတံတားကို ဒီကနေ့ နိုဝင်ဘာ ၁၄ ရက်နေ့ မနက်ပိုင်းကစပြီး ကား ၊ ဆိုင်ကယ် အားလုံး ဖြတ်သန်း သွားလာခွင့် အစိုးရတပ်ဘက်က ပိတ်လိုက်တယ်လို့ ဒေသခံဆီက သိရပါတယ်။

" မနက် ၆ နာရီလောက်ကတည်းက စစ်တပ်က ပိတ်လိုက်တာ ။ ဘာကြောင့်ပိတ်လဲတော့ သေချာမသိပေမယ့် စစ်ရေးတင်းမာမှု ကြောင့်လို့ပဲ ထင်ပါတယ်။ပြီးတော့ အရင်ရက်က ကုန်ကား အစီး ၆၀ ဖမ်းတာကြောင့်လဲ ဖြစ်နိုင်တယ် ။ ဆိုင်ကယ် ၊ ကား ဘာမှပေးမဖြတ်ပါဘူး ။ သီပေါမြို့ဘက် တံတားခြမ်းမှာ စစ်တပ်ရှိတယ် ။ ဟိုဘက်လားရှိူးဘက်ခြမ်းမှာ ကိုးကန့်တပ်တွေရှိတယ် ။တံတားပဲ ခြားတာပါ။ သွားမေးတော့လည်း ဖွင့်ပေးမှာပါ ဆိုပြီးပဲ ပြောတယ် ။ ဒါပေမယ့် ဒီနေ့ကတော့ ပြန်ဖွင့်ပေးဖို့ မသေချာလောက်ပါဘူး ။ " လို့ သီပေါ ဒေသခံကပြောပါတယ်။

သီပေါတံတားကို ပိတ်လိုက်တာကြောင့် သီပေါကနေ လားရှိုးဘက်သွားမယ့် ကားတွေ သီပေါမြို့ထဲမှာ ပိတ်မိနေသလို လားရှိုးကနေ သီပေါမြို့ဘက်ကို ဝင်ရောက်ဖို့ စောင့်ဆိုင်းနေတဲ့ ကားတွေလည်း လားရှိုးမြို့ထဲ အများအပြား ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက နောင်ဝိုးလမ်းပိုင်းမှာ ကုန်တင်ကား အစီး ၆၀ ခန့်ကို တရားမဝင်ကုန်သွယ်မှုအရ အစိုးရတပ်တွေက ဖမ်းဆီးမှုရှိခဲ့ပြီး အဲဒီနောက်မှာ MMDAA ကလည်း ပြည်မဘက်က လာတဲ့ ကုန်တင်ကားတွေကို သီပေါကနေ လားရှိုးကို အကန့်အသတ်နဲ့သာ ဝင်ရောက်ခွင့် ပြုခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်မှာတော့ အစိုးရတပ်က သီပေါတံတားကို ဖြတ်သန်းသွားလာခွင့် ရုတ်တရက် ပိတ်လိုက်တာ ဖြစ်ပါတယ်။

သီပေါ - လားရှိုးဆက်သွယ် ထားတဲ့ တံတားပိတ်လိုက်တာကြောင့် မြို့ရှောင် ကွင်းလမ်းဖြစ်တဲ့ ၉မိုင်လမ်းခွဲ - နမ့်လန် - ကျောက်ဂူ ဘက်ကနေသာ လတ်တလော သွားလာလို့ ရကြောင်းသိ ရပါတယ်။

" ကွင်းလမ်းက သွားလို့ရသေးတယ်တော့ ကြားတယ် ။ သွားသူ ရှိမရှိတော့ မသိဘူး ။ ကွင်းလမ်းက ဇက်ကူးရတယ် ။ တံတားပေါ်ကနေ လူတော့ ပေးဖြတ်တယ်ဆိုလို့ အခုညှိနေတယ် ။ လားရှိုးက သီပေါဘက်လာမယ့်သူက တံတားကနေ ခြေလျင်လာပြီး ဒီဘက်မှ ကားတဆင့်စီးပေါ့။ ဒီဘက်ကလည်း လားရှိုးအထိသွားပြီး ဟိုရောက်မှကားတဆင့် ထပ်စီးပေါ့ ။ အဲဒီလိုရမလား ညှိနေတယ် ။ ရရင်တော့ အဆင်ပြေတာပေါ့ ။ " လို့ မန္တလေး - သီပေါ - လားရှိုး - မူဆယ် ကားပြေးဆွဲနေသူ ကားပိုင်ရှင်တယောက်က ပြောပါတယ် ။

သီပေါတံတားကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားပေမယ့် မြို့ထဲမှာတော့ စစ်ဆေးမှု တင်းကြပ်တာမျိုးမရှိဘဲ ပုံမှန် အခြေအနေမျိုးသာ ဖြစ်တယ်လို့ သိရပါတယ်။

သီပေါတံတားကနေ ကားနဲ့ဆိုင်ကယ် ဖြတ်သန်းသွားလာခွင့်ကို အချိန် သုံးရက်ထက်ပိုကြာပြီး ပိတ်ထားမယ်ဆိုပါက ကုန်စည်ပြတ်တောက်ကာ ကုန်စျေးနူန်းက ယခုထက် ပိုပြီးမြင့်တက် သွားနိုင်တယ်လို့ သိရပါတယ် ။

လက်ရှိ မန္တလေးမှ သီပေါကို ကုန်ပစ္စည်း သယ်ယူတဲ့အခါ တရုတ်ကုန်ပစ္စည်းကို နောင်ချိုအထိသာ သယ်ခွင့်ပြုထားပြီး ဝက်ဝံဂိတ်မှစပြီး တရုတ်ကုန်စည်တွေ သယ်ယူခွင့် ကန့်သတ်ထားကြောင်း ကားသမားတွေ ပြောပြချက်အရ သိရပါတယ်။

မန္တလေး - လားရှိုး ခရီးလမ်းပိုင်း တလျှောက်မှာ ဂိတ်တွေကို ပေးရတဲ့ ဂိတ်ကြေးနူန်းထားများတဲ့အတွက် ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးပိုင်းမှာ အခက်အခဲတွေ ၊ အဆင်မပြေမှုတွေ ရှိနေသေးတယ် လို့သိရပါတယ် ။

ဓာတ်ပုံ - konay konay
#voiceofmyanmar #vom #ရှမ်းမြောက် #သီပေါတံတား #ဖြတ်သန်းခွင့်ပိတ်

image