စစ်ရှောင်ကာလ ကြာမြင့်လာလို့ ဖားကန့်ကျေးရွာ ၁၃ ရွာမှ စစ်ရှောင်တွေ စာနပ်ရိက္ခာ အကြပ်အတည်း ပိုဆိုးလာ

ဖားကန့်ဒေသရှိ ကျေးရွာပေါင်း ၁၃ ရွာမှ စစ်ရှောင်နေကြရတဲ့ ဒေသခံတွေမှာ နေရပ်စွန့်ခွာပြီး စစ်ဘေးတိမ်း ရှောင်နေရတာ ငါးလကျော်တဲ့အထိ ကြာမြင့်လာပြီ ဖြစ်တာကြောင့် စားနပ်ရိက္ခာ အကြပ်အတည်း ပိုဆိုးလာတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

စစ်ရှောင်ရတဲ့ ကာလကြာမြင့် လာတာကြောင့် စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာ အကူအညီတွေ ၊ ကျန်းမာရေးအတွက် ဆေးဝါးတွေ အပါအဝင် စတဲ့အကူအညီတွေ လိုအပ်မှုရှိလာ နေတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ရှောင်တွေကို ပုံမှန် ကူညီသူ ပေးနေသူတွေ အနေနဲ့ လက်ရှိဖြစ်နေတဲ့ ဖားကန့်ဒေသ စစ်ရေး အခြေအနေကြောင့် အကူအညီ ထောက်ပံ့မှုတွေ လျော့လာတဲ့အတွက် လိုအပ်ချက်တွေ ရှိလာနေတာဖြစ်တယ်လို့ သိရပါတယ် ။

" စစ်ရှောင်စခန်းတွေက မြို့ပေါ်မှာတော့ သိပ် မရှိဘူး ။ မှော်တွေထဲမှာ အများဆုံးရှိတယ် ။ စစ်ရှောင်စခန်းတွေမှာ ဆန်ဆီဆား လိုအပ်ချက် ရှိလာတယ် ။ပုံမှန် ကူညီနေကြသူတွေ ကလည်း သိပ်မကူညီနိုင် တော့ဘူး ။အခုဖားကန့်က လုပ်ငန်းလည်း ကောင်းကောင်း သိပ်မလုပ်ရဘူး ဖြစ်နေကြတာဆိုတော့လေ ။ " လို့ စစ်ရှောင်အရေး ကူညီပေးနေသူက ပြောပါတယ် ။

စစ်ရှောင်တွေကတော့ မှော်မောင်းလျှံ ၊ တောင်ပြိုရွာ ၊ မော်ဝမ်းကြီး ၊ မှော်ဝမ်းလေး၊ ရှရော်ခရွာ ၊ မျောက်ဖြူရွာ ၊ မနရွာ ၊ ဆွတ်ငိုင်ယန်ရွာ ၊ ဗလခရွာ ၊ သောင်းချိုရွာ ၊ အမှိုက်ပုံ ၊ဆန်းကြွယ် ၊မှော်တောင်း ကျေးရွာတွေက ဒေသခံအများစု စစ်ရှောင်နေကြရတာဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲတဲ့ မေလ နောက်ဆုံးပတ်လောက် ကတည်းက ဖားကန့်ဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ဇွန်လလောက်မှစပြီး ကျေးရွာဒေသခံတွေဟာ တဖြေးဖြေးနဲ့ နေရပ်စွန့်ခွာကာ စစ်ဘေးရှောင်ခဲ့ကြရတာ ဖြစ်တယ်လို့ သိရပါတယ် ။

" ရှိတဲ့ပိုင်ဆိုင်မှုလေး ယူပြီး ဆိုင်ကယ်နဲ့ ရှောင်ကြတာရှိတယ် ။ကားတွေနဲ့ရှိတယ်။ တချို့ မတတ်နိုင်သူတွေကျတော့ စစ်ဘေးရှောင်စခန်းမှာ နေကြတာပေါ့ ။ အခြေအနေကောင်းရင် အိမ်ပြန်မယ်ဆိုတဲ့သူက များတယ်။ ကိုယ့်အိမ်ကိုယ်ပြန်ပြီး လုပ်ကိုင်စားချင်ကြတာပါ ။ စစ်ရှောင်က တသောင်းကျော်လောက်ရှိတယ် " လို့ သူက ထပ်မံပြောပါတယ်။

စစ်ရှောင်စခန်း နေထိုင်သူတွေမှာ အခက်အခဲတွေ ကြုံတွေ့နေရသလို ဖားကန့်မြို့ပေါ် ၊ မြစ်ကြီးနား ၊ မိုးကောင်း ၊ မိုးညှင်း ဘက်ကို စစ်ရှောင်သွားသူ တွေမှာလည်း အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။

" မှော်ဝမ်းကြီး နဲ့ မှော်ဝမ်းလေး ကနေဆိုရင် ထွက်လာကြတာ ခုလ ၁၆ ရက်ဆိုရင် ငါးလပြည့်ပြီ ။အိမ်ငှားနေနေရတယ် ။မြစ်ကြီးနားမှာ အိမ်ငှားနေတယ် ။ အိမ်ငှားခတွေက ပုံမှန်ထက်ပို တောင်းတော့ အဆင်မပြေဘူးပေါ့။ ဒုက္ခရောက်လို့ စစ်ရှောင်ရသူတွေပါ ။ အိမ်ငှားခ ကိုလျှော့မပေးရင်တောင် ပုံမှန်နူန်းလောက်ပဲ တောင်းစေချင်တယ် ။ " လို့ စစ်ရှောင် တယောက်က ပြောပါတယ် ။

ဖားကန့် ဒေသမှာ ဖြစ်ပွားခဲ့တဲ့ မေလ နောက်ဆုံးပတ်မှ နိုဝင်ဘာလ ၁၁ ရက် အထိ တိုက်ပွဲအကြားမှာ လူထိခိုက် ဒဏ်ရာရရှိမှု ၊ သေဆုံးမှုတွေ ရှိခဲ့တဲ့အပြင် နေအိမ်အဆောက်အဦ တွေလည်း ထိခိုက်ပျက်စီးမှု ရှိခဲ့တယ် လို့သိရပါတယ်။

လက်ရှိလည်း ဖားကန့်ဒေသမှာ စစ်ရေးအခြေအနေ ရှုပ်ထွေးနေပြီး တိုက်ပွဲဖြစ်ပွားကာ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုအပြင် လေကြောင်း တိုက်ခိုက်မှု တွေပါရှိ နေတာဖြစ် တယ်လို့သိရပါတယ်။

ဖားကန့်ဒေသက ရွေးကောက်ပွဲ ကျင်းပမယ့် မြို့နယ်တွေထဲမှာ ပါဝင်တဲ့အတွက် ရွေးကောက်ပွဲကာလ မတိုင်မီမှာ အစိုးရတပ်က ဖားကန့်ဒေသကို အပြည့်အဝ ပြန်လည်ထိန်းချုပ် နိုင်ဖို့အတွက် စစ်အင်အား တိုးမြှင့်ပြီး အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

ဖားကန့်ဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားမှုရှိနေပေမယ့် ဖားကန့် - မန္တလေး လမ်းကြောင်း သွားလာလို့ရနေသေးတယ်လို့ သိရပါတယ်။

image