ကျောက်ဖြူမှာ ကျေးရွာပေါင်း ၁၅ ရွာထက်မနည်း စစ်ရှောင်နေရ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ ပြင်းထန်လာတဲ့ စစ်ရေး အခြေအနေတွေကြောင့် ကျေးရွာပေါင်း ၁၅ ရွာထက်မနည်း စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။
ကျောက်ဖြူမြို့နယ်မှာ အစိုးတပ်နဲ့ AA တို့ တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပြီး နေ့စဉ်ရက်ဆက် ဆိုသလို လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ ရှိနေတဲ့အတွက် ဒေသခံတွေ တိမ်းရှောင်နေရတာ ဖြစ်တယ်လို့ သိရပါတယ်။
“စစ်ရေးအခြေအနေ ပိုတင်းမာလာလေ၊ စစ်ရှောင် အရေအတွက်က တိုးလာလေလေပါပဲ။ ငွေကြေး တတ်နိုင်တဲ့ သူတွေကတော့ တခြားမြို့တွေ၊ ရွာတွေကို ရှောင်သွားကြတယ်။ ငွေကြေး မတတ်နိုင်တဲ့ သူတွေကတော့ ဘေးလွတ်မယ်ထင်တဲ့ တော၊ တောင်တွေထဲမှာပဲ ဖြစ်သလို နေနေကြတယ်။ သူတို့အတွက် လိုအပ်နေတာတွေကတော့ အများကြီးပါ။ အခြေခံ လိုအပ်ချက်ကတော့ စားနပ်ရိက္ခာပါ။ အဓိက ကတော့ ဆန်လိုတယ်။ နေရေးထိုင်ရေး အတွက်လည်း အမိုးအကာတွေ လိုတယ်။ တိုက်ပွဲက ရေရှည် သွားနေမယ့်ပုံဆိုတော့ အဓိက ကတော့ စားရေးသောက်ရေးပါပဲ။ တဖြည်းဖြည်း ခက်ခဲလာကြပြီ။ ကူနိုင်တဲ့ အလှူရှင်တွေလည်း နည်းလာပြီ” လို့ ကူညီပေးနေသူက ပြောပါတယ်။
လက်ရှိ တိုက်ပွဲဖြစ်နေတာဟာ ချောင်းဝနဲ့ သိုင်းချောင်းဘက်မှာဖြစ်ပြီး အစိုးရတပ်ဘက်က ကြည်း၊ ရေ၊ လေ ဘက်ပေါင်းစုံကနေ ထိုးစစ်ဆင်နေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
အစိုးရတပ်အနေနဲ့ ကျောက်ဖြူမြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ ရည်ရွယ်ထားတာဖြစ်ပြီး နယ်မြေစိုးမိုးမှု ပိုမိုရရှိနိုင်ဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့ကတည်းက မြို့ဝန်းကျင်မှာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာကြောင့် AA နဲ့ တိုက်ပွဲ ပြင်းထန်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကျောက်ဖြူမြို့နယ်အတွင်းက ချောင်းဖျား၊ ချောင်းဝ၊ ဂေါ်တူ၊ ပျားတဲတောင်၊ သရက်တော၊ ကျောက်ပျောက်၊ သိုင်းချောင်း၊ ကုလာဘာ၊ ဇိုင်းချောင်း၊ မင်းပြင်၊ ပြင်ရှည် အစရှိတဲ့ ကျေးရွာတွေအပါအဝင် ရွာပေါင်း ၁၅ ရွာဝန်းကျင်က ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရဝာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ကျောက်ဖြူတိုက်ပွဲမှာ အစိုးရတပ်ဘက်က နေဗီ၊ လေကြောင်း၊ ဒရုန်း တိုက်ခိုက်မှုတွေ ပြုလုပ်နေသလို ကျောက်ဖြူမှာရှိတဲ့ ရဲတပ်ရင်း (ရတခ - ၃၂) ဘက်ကိုလည်း ရေကြောင်းကနေ အင်အား အဆက်မပြတ် ဖြည့်တင်းနေတယ်လို့ စစ်ရေး သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
“တိုက်ပွဲက ရှေ့လျှောက်လည်း ပိုပြီး ပြင်းထန်လာနိုင်တယ်။ ဘာလို့လဲဆို တဖက် ရှမ်းမြောက်ဘက်မှာ အပစ်ရပ်ထားနိုင်တာ ဖြစ်တဲ့အတွက် စစ်ဘောင်က ကျဥ်းလာပြီ။ ဆိုတော့ ဒီအခွင့်အရေးကို ရခိုင်ဘက်မှာ ပိုပြီး အသုံးချလာမယ့် သဘော ရှိနေတယ်” လို့ သူက ပြောပါတယ်။
လက်ရှိ ကျောက်ဖြူမြို့ရဲ့ စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ အစိုးရ တာဝန်ရှိသူတွေရဲ့ ဒီကနေ့ နိုဝင်ဘာ ၁၂ ရက်၊ ထုတ်ပြန်ချက်မှာ ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းကျေးရွာ တိုက်ပွဲမှ AA အဖွဲ့ရဲ့ မှတ်တမ်းစာအုပ် တအုပ်ကို အရေးကြီးတဲ့ သက်သေခံ ပစ္စည်းအဖြစ် သိမ်းဆည်းရမိခဲ့တယ်လို့ အသိပေးထားပါတယ်။
အဲဒီ မှတ်တမ်းစာအုပ်မှာ ပါရှိတဲ့ စစ်ရေးဆိုင်ရာ စာရွက်စာတမ်းတွေနဲ့ ကွင်းဆင်းစစ်ဆေးမှုတွေအရ AA အနေနဲ့ ရခိုင်ပြည်နယ်အတွင်း ၎င်းတို့ရဲ့ လှုပ်ရှားမှုတွေကို ပိုမို အင်အား ဖြည့်တင်းနိုင်ဖို့အတွက် စစ်ဒေသ သုံးခု ဖွဲ့စည်းထားတာကို တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီ စစ်ဒေသ သုံးခုကတော့ အယ်လ်ဖာစစ်ဒေသ (ပလက်ဝမြို့နယ်မှ ကျောက်တော်မြို့နယ်အထိ)၊ နိုဗာစစ်ဒေသ (စစ်တွေမြို့နဲ့ အနီးတဝိုက် မြို့နယ်တွေ) နဲ့ ဘီလ်တာစစ်ဒေသ ကျောက်ဖြူမြို့နယ် အပါအဝင် ရခိုင်တောင်ပိုင်းဒေသတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ စစ်ဒေသ တခုစီရဲ့အောက်မှာ AA တပ်မဟာ သုံးခုခန့်စီ ပါဝင်ကာ စုစုပေါင်း တပ်မဟာ ၁၀ ခုခန့်အထိ ဖွဲ့စည်းထားနိုင်တယ်လို့ ခန့်မှန်းရပြီး ဒါဟာ AA အဖွဲ့ရဲ့ စစ်ရေးအရ ကြီးထွားလာမှုနဲ့ ဒေသတွင်းမှာ ခြေကုပ်ရယူနိုင်ဖို့ ကြိုးပမ်းနေမှုကို ရှင်းလင်းစွာ ပြသနေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း AA ရဲ့ ဗဟိုဌာနချုပ်ဟာ လိုင်ဇာဒေသမှာသာ အခြေစိုက်နေဆဲ ဖြစ်တဲ့အပြင် ၎င်းတို့ဟာ ပြင်ပအဖွဲ့အစည်းရဲ့ ထိန်းချုပ်မှုအောက်မှာ လှုပ်ရှားနေဆဲဖြစ်တာကို ထပ်လောင်း အတည်ပြုနိုင်တယ်လို့ အစိုးရတပ်ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
AA ဘက်ကတော့ ကျောက်ဖြူမြို့ အပါအဝင် လက်ရှိ ရခိုင်ပြည်နယ်အတွင်း စစ်ရေး အခြေအနေတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။