မုံးကိုးမှာ အမျိုးသားသုံးဦးကို ကိုးကန့်တပ်ဖွဲ့ကသေဒဏ်စီရင်

မုံးကိုးမြို့နယ်အတွင်း လူသတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ အမျိုးသား ငါးဦးကို ကိုးကန့်တပ်ဖွဲ့က လူမြင်ကွင်းမှာ ထုတ်ပြပြီး အဲဒီထဲက သုံးဦးကို သေဒဏ်စီရင်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၁၁ ရက်နေ့ မနက်ပိုင်းမှာ မုံးကိုးမြို့ ဘောလုံးကွင်းထဲ ဒေသခံတွေကို ဆင့်ခေါ်ပြီး စီရင်ချက်တွေကို ဖတ်ပြခဲ့တယ်လို့ မုံးကိုးမြို့ခံတွေက ပြောပါတယ်။
“ လူတိုင်းသွားကြည့်လို့ရတယ်။ သူတို့ခေါ်ပြတာပေါ့။ သေဒဏ်ချတဲ့လူသုံး ယောက်ကို တစ်ခါတည်း ခေါ်သွားပြီးပစ်သတ်လိုက်တာ၊ ကျန်တဲ့သူတွေတော့ သူတို့ပြန် ခေါ်သွားတယ်”လို့ မုံးကိုးမြို့ခံတယောက်က ပြောပါတယ်။
သေဒဏ်ချခံရတဲ့အမျိုးသားတွေဟာ သက်လတ်ပိုင်းအရွယ်တွေဖြစ်ပြီး မုံးကိုးမြို့ မှာ လူသတ်မှုကျူးလွန်ခဲ့လို့ အခုလိုသေဒဏ်ချတာ ဖြစ်တယ်လို့ ကိုးကန့်တပ်ဖွဲ့ဝင်တွေဘက်က ဖတ်ပြသွားတယ်လို့ မုံးကိုးမြို့ခံတွေကပြော ပါတယ်။
နစ်ရှည်ထောင်ဒဏ်ချခံရတဲ့ အမျိုးသားနှစ်ယောက်ထဲမှာ အသက် ၁၇အရွယ် ကလေးတ ယောက် ပါတယ်လို့ ဆိုပါတယ်။
“ ကလေးတယောက်က လူသတ်တာ အသက်မပြည့်သေးလို့ ဆိုပြီး သူ့ကို ထောင် ဆယ့်လေးနှစ်ချလိုက်တာ” လို့ မုံးကိုးမြို့ခံ နောက် တယောက်က ပြောပါတယ်။
အသက် ၆နှစ် အရွယ် ကလေးငယ်ကို အဓမ္မမှု ကျုးလွန်ခဲ့တဲ့ အမျိုးသား တယောက် ကိုတော့ ထောင်ဒဏ် ၁၀နှစ်ချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ တုန်းကလည်း သိန္နီမြို့မှာ ရာဇဝတ်မှု ကျူးလွန်တယ်လို့ စွပ်စွဲခံရသူ ခုနှစ်ဦးကို ကိုးကန့်တပ်ဖွဲ့က အများရှေ့မှာ သေဒဏ်နဲ့ နှစ်ရှည် ထောင်ဒဏ်တွေ ချခဲ့ပါတယ်။
ရာဇဝတ်မှု ကျူးလွန်သူတွေကို အခုလို နှစ်ရှည်ထောင်ဒဏ်တွေချတာဟာ ဒေသတွင်း တရားဥပဒေစိုးမိုးရေးအတွက်ဖြစ်ပြီး ယခုတကြိမ်နဲ့ဆို ငါးကြိမ်ရှိပြီလို့ ကိုးကန့်တပ်ဖွဲ့ဘက်က ထုတ်ပြန်ထားပါတယ်။
EUအပါအဝင် လူအခွင့်အရေးဆိုင်ရာ လေ့လာစောင့်ကြည့်နေသူတွေက တော့ ကိုးကန့်တပ်ဖွဲ့ရဲ့အခုလို သေဒဏ်စီရင်တဲ့ လုပ်ရပ် အပေါ် ကန့်ကွက်ကြောင်း ထုတ်ပြန်ထားပါတယ်။

image