ဆယ်လအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ ယာဉ်မတော်တဆမှုကြောင့် လူအယောက် ၅၀ သေဆုံးခဲ့
ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ဆယ်လအတွင်း ယာဉ်မတော်တဆမှုကြောင့်လူအယောက် ၅၀ အထိသေဆုံးခဲ့ရတယ်လို့အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးရဲ့စာရင်းတွေအရ သိရပါတယ်။
ယခုနှစ်၊ ဇန်နဝါရီလ ၁ ရက်ကနေ အောက်တိုဘာလ ၃၁ ရက်အထိ ဆယ်လတာကာလအတွင်း ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ယာဉ်မတော်တဆ မှု ၁၅၅ ကြိမ်မှုဖြစ်ပွားခဲ့ပြီး ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုတွေ ကြောင့် အမျိုးသားအယောက် ၃၀ ၊ အမျိုးသမီး ၁၇ ယောက်အထိ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
''ဖြစ်ပွားခဲ့တဲ့ယာဉ်မတော်တဆမှု ဖြစ်စဉ်အများစုက ယာဉ်မောင်းတွေအနေနဲ့ ယာဉ်မဆင်မခြင်ပေါ့ဆမောင်းနှင်မှုနဲ့ အရှိန် ပြင်းပြင်းမောင်းနှင်မှုကြောင့်ဖြစ်ရတာများပါတယ်။''လို့သက်ဆိုင်ရာတာဝန်ရှိ တယောက်ကပြောပါတယ်။
ပြီးခဲ့တဲ့ ဆယ်လအတွင်း ယာဉ်မတော်တဆမှုတွေကြောင့် လူ ၂၉၁ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးယာဉ်တိုက်မှုတွေဟာ ဇွန်လ ၊ မတ်လနဲ့ အောက်တိုဘာလတွေမှာ အများဆုံး
ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတွေများပြားခဲ့တယ်လို့ သိရပါတယ်။
''အမြန်လမ်းပေါ်က ယာဉ်မတော်တဆမှုတွေကြောင့် အသက်မသေသော်လည်း ကိုယ်လက်အင်္ဂါဆုံးရှုံးရတဲ့အထိ ဖြစ်ခဲ့ရတဲ့ဖြစ်စဉ်တွေရှိတယ်။ နေ့ဘက်ရော၊ ညဘက်တွေပါ
ယာဉ်မတော်တဆမှုတွေဖြစ်နေတာကြောင့် သတိထား မောင်းနှင်ကြဖို့ ပြောချင်ပါတယ်။''လို့ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင် တယောက်ကပြောပါတယ်။
ငလျင်လှုပ်ပြီးတဲ့နောက် နေပြည်တော်နဲ့ မန္တလေးကြား လမ်းပိုင်းတွေဟာ အတော်ပျက်စီးခဲ့ပါတယ်။ ပြင်ဆင်နေပေမယ့်လည်း မပြီးသေးတာကြောင့် ယာဥ်မောင်းတွေဟာ အရင်ကထက် ပိုဂရုစိုက်မောင်းနှင်နေရပါတယ်။
အမြန်လမ်းမကြီးရဲတပ်ဖွဲ့အနေနဲ့ ရန်ကုန်မန္တလေး အမြန် လမ်းမကြီးတစ်လျှောက်မှာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေဖို့ သက်ဆိုင်ရာကသတ်မှတ်အရှိန်နှုန်းထက် ကျော်လွန်မောင်းနှင်တဲ့ မော်တော်ယာဉ်တွေကိုအရှိန်နှုန်း တိုင်းတာစက်တွေနဲ့တိုင်းတာစစ်ဆေးပြီးအရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်ကနေ အောက်တိုဘာ လ ၃၁ ရက်အထိ ဆယ်လတာ ကာလအတွင်း သတ်မှတ် အရှိန်ထက် ကျော်လွန်မောင်းတဲ့ယာဉ်အစီးရေး ၁၀၀၀ကျော် ကိုအရေးယူဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ အမြန်လမ်းမကြီးပေါ်မှာ ယာဉ်တွေအတွက်အရှိန်နှုန်း သတ် မှတ်ချက်အရ ကိုယ်ပိုင်အိမ်စီးကားလေးဖြစ်ပါက (၁)နာရီကိုကီလိုမီတာ(၁၀၀)အတွင်းသာ မောင်းနှင်း ရမှာဖြစ် ပြီး ခရီးသည်တင် Express ယာဉ်တွေဖြစ်ပါ က(၁)နာရီ ၉၀ ကီလိုမီတာအတွင်းမှာ ပဲမောင်းဖို့နဲ့ လုပ်ငန်းသုံးလိုက် ထရပ် ၊ ဟိုက်ဂျက်၊ ကုန်တင်ယာဉ် စတဲ့ယာဉ်တွေကတော့ (၁)နာရီကို ကီလိုမီတာ(၆၀) အတွင်းမှာပဲမောင်းနှင်ဖို့ကိုသက်ဆိုင်ရာက သတ်မှတ်ထားပါတယ်။