တရုတ်ရိုးရာ စက္ကူအလှညှပ်ပညာပြပွဲကို ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပနေ
တရုတ်ရိုးရာ စက္ကူအလှညှပ်ပညာပြပွဲကို ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာတွင် နိုဝင်ဘာလ ၅ ရက်က စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါပြပွဲကို နိုဝင်ဘာ ၅ ရက်မှ ၁၈ ရက်အထိ နှစ်ပတ်တိတိ ကျင်းပသွားမည်ဖြစ်ပြီး ပြပွဲတွင် တရုတ်အနုပညာရှင်များ၏ စက္ကူအလှညှပ်ပန်းချီလက်ရာ ၆၀ ပြသထားကြောင်း သိရသည်။
စက္ကူအလှညှပ်ပန်းချီလက်ရာများသည် ကျဲ့ကျန့်၊ ရှန်းတုံး၊ ယူနန်၊ ရှန်ရှီ၊ ကွေ့ကျိုးနှင့် အတွင်းမွန်ဂိုလီးယား စသည့် မတူညီသော ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ ရောက်ရှိလာခြင်းဖြစ်ပြီး တရုတ်နိုင်ငံ အနှံ့အပြားရှိ အရောင်အသွေးစုံလင်သော တိုင်းရင်းသားဓလေ့ထုံးတမ်းများနှင့် ရိုးရာများကို လေ့လာနိုင်မည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ ဘိုဝမ်ကျောင်းကို တရုတ်ရိုးရာစက္ကူအလှညှပ်လေ့ကျင့်ရေးဖောင်ဒေးရှင်းတစ်ခုအဖြစ် ဖွင့်ထားမည်ဖြစ်သည့်အတွက် အဆိုပါတရုတ်ရိုးရာစက္ကူအလှညှပ်အနုပညာကို စိတ်ဝင်စားသူများအနေဖြင့် အချိန်မရွေးသွားရောက်လေ့လာနိုင်ကြောင်းလည်း သိရသည်။