(၂)နှစ်ကျော်အတွင်း နိုင်ငံပေါင်း(၅၂)နိုင်ငံမှ နိုင်ငံခြား သား (၆၇,၉၈၂)ဦးကို သက်ဆိုင်ရာနိုင်ငံများထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်

(၂)နှစ်ကျော်အတွင်း နိုင်ငံပေါင်း(၅၂)နိုင်ငံမှ နိုင်ငံခြားသား (၆၇,၉၈၂)ဦးကို သက်ဆိုင်ရာနိုင်ငံများထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေကပြောကြားခဲ့ကြောင်း သိရသည်။
ယနေ့ နိုဝင်ဘာ ၁၂ ရက်နံနက်ပိုင်းက ရန်ကုန်မြို့အခြေစိုက်၊ သံတမန်များနှင့် ကုလသမဂအဖွဲ့အစည်းမှ ကိုယ်စားလှယ်များအားတွေ့ဆုံ၍ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစ၍ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအထိ ၂ နှစ်ကျော်အတွင်း မြန်မာနယ်စပ်သို့ အိမ်နီးချင်းနိုင်ငံမှတစ်ဆင့် တရားမဝင်ရောက်ရှိနေသည့် နိုင်ငံပေါင်း(၅၂)နိုင်ငံမှ နိုင်ငံခြားသား(၆၇,၉၈၂) ဦးကို အိမ်နီးချင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
အိမ်နီးချင်းနယ်စပ်လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့၊ မဲ့ထော်သလေး KK Park နယ်မြေများတွင်အခိုင်အမာအခြေချ၍ အွန်လိုင်းလိမ်လည်မှုများကျူးလွန်နေသည့်ဂိုဏ်းများအား တိုက်ဖျက်ခြေမှုန်းလျက်ရှိကာ မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်သူများ၏ (၉၉ ဒသမ၅)ရာခိုင်နှုန်းမှာ အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် ကုန်းလမ်းမှဝင်ရောက်လာခြင်းဖြစ်သည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
ယင်း ရာဇဝတ်ဂိုဏ်းများ၊ လက်နက်ကိုင်အဖွဲ့အစည်းများသည် အင်တာနက်၊ လျှပ်စစ်မီး၊ ငွေကြေးလွှဲပြောင်းမှုများကို အိမ်နီးချင်းနိုင်ငံများမှအခြေခံအဆောက်အအုံများကို အသုံးပြုဆောင်ရွက်ကြောင်းတွေ့ရှိရသဖြင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ တိုက်ဖျက်နိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများ၏ အပြည့်အဝပူး ပေါင်းဆောင်ရွက်မှုလိုအပ်သည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ ပကတိမြေပြင်အခြေအနေများကို သံတမန်များအနေဖြင့် သက်ဆိုင်ရာအစိုးရများထံ မှန်ကန်စွာတင်ပြရန်လည်း တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့အတူ ပြည်ထောင်စုဝန်ကြီးမှ နယ်စပ်ဒေသများကိုအခြေပြု၍ ဖြစ်ပေါ်နေသည့် နိုင်ငံဖြတ်ကျော်မှုခင်းများ၊ နယ်စပ်အခြေပြုလက်နက်ကိုင်အဖွဲ့များက ကာစီနို၊ အွန်လိုင်းလောင်းကစားတို့ကို နိုင်ငံတကာရာဇဝတ်ဂိုဏ်းများနှင့်အတူကျူးလွန်နေမှုများအား တိုက်ဖျက်နေသည့်အခြေအနေများကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ရှင်းလင်းပွဲ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတာဝန်ရှိသူများကလည အီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ မဲပေးပုံနည်းစနစ်အကြောင်းကိုရှင်းလင်းသရုပ်ပြရာ တက်ရောက်လာသည့် သံတမန်များက Electronic Voting Machine ကို လက်တွေ့ စမ်းသပ်အသုံးပြုခြင်း၊ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခြင်းတို့ကိုဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

image