ဘရာဇီးလ်ကစားသမား အော်စကာ လေ့ကျင့်မှုပြုလုပ်စဉ် မေ့လဲခဲ့တာကြောင့် ဆေးရုံမှာ အရေးပေါ်ကုသမှုခံယူနေရ
ချယ်လ်ဆီးအသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဘရာဇီးလ်ကွင်းလယ်တိုက်စစ်ကစားသမား အော်စကာဟာ လေ့ကျင့်မှုပြုလုပ်စဉ် မေ့လဲခဲ့တာကြောင့် ဆေးရုံမှာ အရေးပေါ်ကုသမှု ခံယူနေရကြောင်း သိရပါတယ်။
အော်စကာ(၃၄ နှစ်)ဟာ လက်ရှိအချိန်မှာ ဘရာဇီးလ်ကလပ် ဆော်ပေါ်လိုအသင်းမှာ ကစားနေပြီး အင်္ဂါနေ့က လေ့ကျင့်ရေးစက်ဘီးနင်းပြီး စမ်းသပ်မှုပြုလုပ်စဉ် မေ့လဲသွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အော်စကာဟာ နှလုံးပြသနာကြောင့် အခုလိုလဲကျခဲ့တာဖြစ်ပြီး ဆော်ပေါ်လိုမြို့က ဆေးရုံကို ချက်ချင်းပို့ဆောင်ကာ အရေးပေါ်ကုသမှု ခံယူခဲ့ရကြောင်း သိရပါတယ်။
ဒါကြောင့် အော်စကာအနေနဲ့ ကစားသမားဘဝက အနားယူရမယ့်အနေအထားဖြစ်လာကြောင်း မီဒီယာတွေက သုံးသပ်ဖော်ပြခဲ့ကြပါတယ်။
အော်စကာဟာ ချယ်လ်ဆီးအသင်းမှာ ၂၀၁၂ ကနေ ၂၀၁၇ အထိ (၅)နှစ်ကြာကစားခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုနှစ်ကြိမ် ရယူနိုင်ခဲ့သူပါ။
သူဟာ တရုတ်စူပါလိဂ်ကို အာရှစံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ၂၀၂၄ ဒီဇင်ဘာကမှ ဆော်ပေါ်လိုအသင်းကို ပြန်လည်ရောက်ရှိခဲ့တာပါ။
အော်စကာဟာ ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက်တော့ (၄၈)ပွဲကစားပြီး (၁၂)ဂိုးသွင်းယူပေးခဲ့ပါတယ်။