နေမာ အကောင်းဆုံးပုံစံ ပြန်ရရှိဖို့ မျှော်လင့်ကြောင်း အန်ဆယ်လော့တီ ပြောကြား
ဘရာဇီးလ်လက်ရွေးစင်အသင်းနည်းပြ အန်ဆယ်လော့တီက နာမည်ကျော်တိုက်စစ်ကစားသမား နေမာ အကောင်းဆုံးပုံစံ ပြန်ရရှိဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
နေမာဟာ ဘရာဇီးလ်အသင်းရဲ့သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူထားတဲ့ကစားသမားဖြစ်ပေမဲ့ လက်ရှိအချိန်မှာ အန်ဆယ်လော့တီက အသင်းရဲ့ လူစာရင်းထဲ ထည့်သွင်းရွေးချယ်ထားခြင်းမရှိပါဘူး။
နေမာဟာ ဆန်းတို့စ်အသင်းမှာလည်း ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းအတွက် ကစားခွင့်ရဖို့ မလွယ်ကူဘူးဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
သတင်းသမားတစ်ဦးက နေမာအကြောင်း မေးခွန်းထုတ်ရင် စိတ်အနှောင့်အယှက်ဖြစ်နိုင်သလားဆိုတဲ့ မေးမြန်းမှုကို အန်ဆယ်လော့တီက '' ပြဿနာမရှိပါဘူး။ လူတွေ သူ့အကြောင်းမေးတာက ပုံမှန်ပါပဲ။ ဘာကြောင့်လဲဆိုတော့ သူက ဘရာဇီးလ်ဘောလုံးရဲ့ ဂန္ထဝင်တစ်ယောက် ဖြစ်တာကြောင့်ပါ။ လူတိုင်းက နေမာကို အကောင်းဆုံးကြံ့ခိုင်မှုအနေအထား ပြန်ရစေချင်ကြပါတယ်။ အားလုံးက နေမာ အကောင်းဆုံးပုံစံ ပြန်ရဖို့ မျှော်လင့်နေကြပါတယ်။ အမှန်တရားကတော့ ဒီနေ့ခေတ်ဘောလုံးလောကက တောင်းဆိုမှုတွေ အများကြီးရှိနေတာပါပဲ။ အရည်အသွေးတစ်ခုတည်းတင်မဟုတ်ဘဲ ကြံ့ခိုင်မှုအနေအထားရော စိတ်ဓာတ်ပြင်းပြမှုပါ လိုအပ်ပါတယ်။ နေမာ အကောင်းဆုံးပုံစံ ပြန်ရဖို့ မျှော်လင့်ပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။
ဆန်းတို့စ်အသင်းဟာ လက်ရှိအချိန်မှာ တန်းဆင်းဇုန်အတွင်း ရောက်နေတာကြောင့် နေမာကို ပြိုင်ဘက်ပရိသတ်တွေက လှောင်ပြောင်နေကြကြောင်းလည်း သိရပါတယ်။