ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ နေးရှင်းလိဂ်ချန်ပီယံအောင်ပွဲခံ ဓာတ်ပုံရဲ့ Like အရေအတွက် ပြတ်သားစွာ ကျော်တက်သွားခဲ့တဲ့ မက်ဆီရဲ့ နူးကမ့်တကျော့ပြန်ဓာတ်ပုံ
=====================

လီယွန်နယ်မက်ဆီရဲ့ အင်စတာဂရမ်ဓာတ်ပုံဟာ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ နေးရှင်းလိဂ်ချန်ပီယံအောင်ပွဲခံမှုဓာတ်ပုံရဲ့ Like အရေအတွက်ကို ကျော်တက်သွားခဲ့ပြီ ဖြစ်ပါတယ်။
မက်ဆီဟာ ၂၀၂၁ ခုနှစ်တုန်းက ကလပ်ဘက်က ဘဏ္ဍာရေးပြဿနာရှိနေမှုနှင့်အတူ စာချုပ်သစ်မချုပ်ဆိုနိုင်မှုကြောင့် ဝမ်းနည်းကြေကွဲစွာ ထွက်ခွာခဲ့ရသူလည်း ဖြစ်ပါတယ်။
မက်ဆီဟာ ဘာစီလိုနာကို စွန့်ခွာပြီးနောက် ပီအက်စ်ဂျီသို့ ပြောင်းခဲ့ပြီး ယင်းမှ တဆင့် လက်ရှိ ကစားနေတဲ့ အင်တာမိုင်ယာမီသို့ ရောက်လာပါတယ်။
ယခုအပတ်မှာတော့ မက်ဆီဟာ ကစားသမားဘဝ အောင်မြေ နူးကမ့်သို့ တကျော့ပြန် အလည်အပတ် ရောက်လာပါတယ်။
နိုဝင်ဘာလ ၁၄ ရက်နေ့ အန်ဂိုလာနှင့်ခြေစမ်းပွဲအတွက် ပြင်ဆင်နေတဲ့ မက်ဆီဟာ ကစားဖော်ရိုဒရီဂိုဒီပေါလ်နှင့်အတူ ဘာစီလိုနာသို့ မထင်မှတ်ဘဲ ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ အသစ်စက်စက်ပြန်လည်တည်ဆောက်ထားတဲ့ နူးကမ့်သို့ ရောက်လာပြီးနောက် ဓာတ်ပုံရိုက်ကူးကာ အင်စတာဂရမ်မှာ ပို့စ်တင်ခဲ့ပါတယ်။
ယင်းပို့စ်တွင် မက်ဆီက "မနေ့ညတုန်းက ကျွန်တော့်ဝိညာဉ်ထဲကနေ လွမ်းဆွတ်နေရတဲ့ နေရာကို ပြန်ရောက်ခဲ့တယ်။ အရမ်းပျော်ခဲ့ရတဲ့ နေရာ၊ ကမ္ဘာပေါ်မှာ အပျော်ရဆုံးလူသားအဖြစ် အဆပေါင်းများစွာ ခံစားစေခဲ့တဲ့ နေရာပါ။ တနေ့ ပြန်လာနိုင်ဖို့ မျှော်လင့်မိတယ်။ ကစားသမားတစ်ယောက်အနေနဲ့ နှုတ်ဆက်ရုံသက်သက် မဟုတ်ဘူး။ ကျွန်တော် ဘယ်တုန်းကမှ မကြုံခဲ့ဖူးတဲ့ ...💙❤️."လို့ ရေးသားသွားပါသေးတယ်။
ယခုအခါ လီယွန်နယ်မက်ဆီရဲ့ ယင်း အင်စတာဂရမ်ပို့စ်ဟာ Like ၄၆ သန်းကျော်အထိ ရရှိသွားပြီ ဖြစ်ပြီး ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ အင်စတာဂရမ်ပိုစ် Like ထက် နှစ်ဆကျော်မြင့်မားစွာ ရရှိနေပြီလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မက်ဆီရဲ့ ပို့စ်မှ မှတ်ချက်ဝင်ရေးသူကလည်း ၇ သိန်းကျော်အထိ ရှိနေပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ နေးရှင်းလိဂ်ချန်ပီယံအောင်ပွဲခံမှု ဓာတ်ပုံပို့စ်က Like သန်း ၂၀ ကျော်သာ ရှိပါတယ်။
တဖက်တွင် လီယွန်နယ်မက်ဆီဟာအင်စတာဂရမ်သမိုင်းတွင် Like အများဆုံး ရရှိတဲ့ ပို့စ်အဖြစ် ကမ္ဘာ့ဖလားချန်ပီယံအောင်ပွဲခံမှုပို့စ်က ၇၄ သန်းကျော်ဖြင့် ဆက်လက် ရပ်တည်နေတုန်းလည်း ဖြစ်ပါတယ်။

image