ယူရို ၂၀၂၈ အဖွင့်ပွဲအား ကာဒစ်ဖ်တွင် လက်ခံကျင်းပသွားမည်
======================
ကာဒစ်ဖ်ဟာ ယူရို ၂၀၂၈ အဖွင့်ပွဲကို လက်ခံကျင်းပသွားမှာဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲများနှင့် ဗိုလ်လုပွဲများကို လန်ဒန်ရှိ ဝင်ဘာလေကွင်းတွင် လက်ခံကစားလာပါမယ်။
အင်္ဂလန်၊ စကော့တလန်၊ ဝေးလ်နှင့် အိုင်ယာလန်တို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပလာမယ့် အသင်း ၂၄ သင်း ယှဉ်ပြိုင်မယ့် ယူရို ၂၀၂၈ ပြိုင်ပွဲကို ကွင်းကြီး ၉ ကွင်းတွင် လက်ခံကျင်းပသွားပါမယ်။
အစောပိုင်းတုန်းက မြောက်အိုင်ယာလန်လည်း အိမ်ရှင်စာရင်းတွင် ပါဝင်ပေမယ့် ဘဲလ်ဖတ်စ်ရှ် Casement Park မှာ ထောက်ပံ့စရိတ် အလုံအလောက်မရှိမှုကြောင့် ဖယ်ရှားခဲ့ရပါတယ်။
ယူအီးအက်ဖ်အေက ဝေးလ်မြို့တော်တွင် ယူရို ၂၀၂၈ အဖင့်ပွဲအား လက်ခံကျင်းပရန် ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။
ယူရို ၂၀၂၈ ပြိုင်ပွဲတွင် ယခင် ယူရို အိမ်ရှင်များကဲ့သို့ အိမ်ရှင်အသင်းများ တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်လာမှာ မဟုတ်ဘဲ ခြေစစ်ပွဲ ဝင်ရပါမယ်။ ဒါပေမယ့် ၎င်းတို့ဟာ ခြေစစ်ပွဲအောင်မြင်လာပါက ကိုယ့်အိမ်ကွင်းတွင် ကစားခွင့် ရရှိမယ့် အာမခံချက် ရရှိထားပါတယ်။
အိမ်ရှင်အသင်း ၄ သင်းတို့ဟာ ကွဲပြားတဲ့ အုပ်စု ၄ ခုမှ ခြေစစ်ပွဲဝင်ရောက်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ရှင် ၄ သင်းမှ ၂ သင်းတို့ဟာ ခြေစစ်ပွဲ မအောင်မြင်ပါကလည်း အုပ်စုတွင် အမြင့်ဆုံးရပ်တည်ပါက ခြေစစ်ပွဲအောင်မြင်ရန် အာမခံချက် ရရှိထားပါတယ်။
ကွာတားဖိုင်နယ်ပွဲများကို ကာဒစ်ဖ်ရှိ Principality Stadium ၊ ဒဗ္ဗလင်ရှိ Aviva Stadium ၊ ဂလက်စကိုရှိ Hampden Park ၊ ဝင်ဘာလေကွင်းတို့တွင် ကစားပါမယ်။
အင်္ဂလန်အသင်းဟာ ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်လာပါက အုပ်စုအဖွင့်ပွဲကို မန်စီးတီးရဲ့ အီတီဟတ်ကွင်းမှာ ကစားပြီးမှ ဝင်ဘာလေကွင်းသို့ ပြောင်းကစားလာပါမယ်။
ယူရို ၂၀၂၈ ပြိုင်ပွဲကို အင်္ဂလန်ရှိ ကွင်း ၅ ကွင်းတွင် ကစားလာမှာ ဖြစ်ပြီး စပါးစ်ရဲ့ Tottenham Hotspur Stadium၊ ဗီလာရဲ့ Villa Park၊ အဲဗာတန်ရဲ့ Hill Dickinson Stadium နှင့် နယူးကာဆယ်ရဲ့ St James' Park တို့တွင်လည်း ကစားလာပါမယ်။
ယူရို ၂၀၂၈ ရဲ့ ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်များကို ဝင်ဘာလေကွင်းမှာ ကစားလာမှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း အင်္ဂလန်ဟာ အုပ်စုဗိုလ်အဖြစ် တက်ရောက်လာပါက စိန့်ဂျိမ်းစ်ပါ့ခ်တွင် ကစားလာမှာ ဖြစ်ပြီး အုပ်စုဒုတိယအဖြစ်ဖြင့် တက်ရောက်လာပါက Hill Dickinson Stadium တွင် ကစားလာပါမယ်။
အုပ်စုမဲခွဲမှုကို ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဘဲလ်ဖတ်စ်တွင် ပြုလုပ်လာပါမယ်။
ဗြိတိန်အစိုးရက ယူရို ၂၀၂၈ ပြိုင်ပွဲအား ဧည့်ခံကျင်းပရန် ပေါင် ၅၅၇ သန်း ရင်းနှီးမြှပ်နှံမှု ပြုလုပ်ထားပြီး အလုပ်ကိုင် အခွင့်အရေးသစ် ပေါ်ပေါက်လာခြင်း၊ ဒေသတွင်း တိုးတက်လာခြင်း၊ နိုင်ငံခြားခရီးသွား မြင့်မားလာခြင်းတို့မှ ပေါင် ၃.၂ ဘီလီယံအထိ အကျိုးကျေးဇူးပြန်လည် ရရှိရန် မျှော်လင့်ထားပါတယ်။